အချစ်ဆိုသည်မှာ..?

ဒီကနေ့ ဘလော့ဂ်ကို စဖွင့်ဖွင့်ချင်းပဲ မျက်စေ့က ကျင့်သားရနေသည့်အတိုင်း ပထမဆုံး စီဘောက်ကို အကြည့်တချက်ဝေ့ဝဲလိုက်သည်။ ခဏတွင်းခြင်းမှာပင် ကျွန်တော့်မျက်လုံးများက ပြူးကျယ်ဝိုင်းစက် သွားသည်ဟု ခံးစားမိလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်မပြောချင်သော အကြောင်းအရာ တစ်ခုက စီဘောက်ထဲမှာ တဂ်ခနဲ ပြုတ်ကျလာခဲ့ချေပြီကိုး။ အတောင်ပံမပါတဲ့ လူသားအမိငယ် ငှက်ငယ်လေးက မရေးရင်ရိုက်မယ် (မူကြိုဆရာမလေးများလား) တဂ်ထားတယ်။ အချစ်ဆိုသည်မှာ ဘာလဲ..? ညာလဲ..?။ သြော်..မေးရက်ပါပေ့။ လုပ်ချလိုက်ပေါ့။ တစ်နေ့ကတည်းက မပြောချင်လို့ သွားပြီးတော့ ကြိုအော်ထားပေမယ့် အလွတ်မပေးတဲ့၊ လူချင်းမတွေ့ပေမယ့် အမြဲရဲရင့်နေတယ်လို့ ထင်ရတဲ့ ကို ရဲရင့်နီ ကလည်းတဂ်။

တစ်တဂ်ပြီး နောက်တစ်တဂ်..ဟိုကလည်းတဂ်..ဒီကလည်း တဂ်။ တဂ်နဲ့တင်ကို အလုပ် တော်တော်ဖြစ်နေပြီ။ အချစ်အကြောင်းဆိုတော့ နဲနဲလောက်အချိန်ယူ ရင်ခုန်ကြည့်၊ တွေးကြည့်၊ ခံစားကြည့်ရဦးမယ်လို့ထင်တာနဲ့ တဂ်သခင်မလေးကို လာမယ်..ကြာမယ်..တက်လူငယ်လို့တော့ အရင်ဆုံး ကြိုတင်သတင်းပို့ထားခဲ့ပါပြီ။ ဒါပေမယ့် မကြာပါဘူး..အခုတင် ခေါင်းထဲမှာပေါ်လာတုန်း၊ ရင်ထဲမှာဟာနေတုန်း၊ ဘလော့ဂ်တွေလည်ရင်းကနေ တစ်ခုသောဘလော့ဂ် ကိုဖွင့်ကြည့် လိုက်မိရာမှအစပြုကာ ရင်ထဲမှာ အချစ်အကြောင်းက ပိုပြီးတော့ ခံစားလာရတယ်။ အသစ်တဖန် အချစ်ကိုပြန်နှိုးဆွ ပေးလိုက်သလိုဖြစ်လာ။ ဒါနဲ့ပဲ စာရေးချင်စိတ်က ပေါက်လာတုန်း ရေးချလိုက်ပြီ။ တစ်ခါတည်း ထိုင်ရေးလိုက်တယ်။ အချစ်ဆိုသည်မှာ...

အချစ်(၂)မျိုးရှိပါသည်-

၁။ ငါးရာနှစ်ဆယ့်ရှစ် - အနည်းအကျဉ်းမျှလောက်သာချစ် (ပုံမှန်)။ မိဘ၊ ညီအစ်ကိုမောင်နှမများစသည်တို့ကို ချစ်သော အချစ်ဖြစ်သည်။

၂။ တစ်ထောင့်ငါးရာ - မောင့်အနားမှာ (သို့မဟုတ်) မယ့်အနားမှာ ရှိသောအချစ်။ ဒီအချစ်ကို အရှင်းဆုံး အဓိပ္ပါယ်ဖွင့်ဆို ပြရရင်..သည်းခံပါ။ ရိုင်းတယ်လို့ပဲပြောပြော.. မိမိနဲ့ ဆန့်ကျင်ဘက်လိဒ် (သူ့ကိုချစ်တာပေါ့)

အချစ်ကို စာဖွဲ့ကြည့်ခြင်း

အချစ်တွေနဲ့ကင်းအောင် ဘဝမှာ နေချင်ပါတယ်..ဒါပေမယ့် ဘဝတွေနဲ့မကင်းနိုင်တာကလည်း အချစ်တွေ ဖြစ်နေပြန်တယ်။ ပန်းဆိုတာ အချိန်တန်ရင် ဖူးပြီးပွင့်လာတတ်ကြသလို..အချစ်ဆိုတာလည်း အချိန်အခါတန်ရင် ရင်ထဲကနေ ခံစားပြီး ဖြစ်ပေါ်လာတတ်ကြစမြဲပါ...။ ပန်းပင်တွေတောင် အဖူးရှိမှ အပွင့်ဖြစ်လာကြသေးတာပဲ..။ အချစ်ကြောင့် ဖြစ်လာတဲ့ ကဗျာတွေ၊ စာတွေဟာလည်း ရင်နှင့်မဆန့်လို့ ပွင့်အန်ထွက်ကျလာခဲ့တာပါ...။ နှင်းဆီပန်းလေး တွေက အဆင်းလှတယ်..၊ ရနံ့မွှေးတယ်..၊ ချစ်စရာကောင်းတဲ့ပန်းကလေးတွေပါ..။ ဒါပေမယ့် သူ့ကို ထိရင်၊ ကိုင်ရင် သတိတော့ထားပေါ့.. သူ့မှာပါတဲ့ ဆူးလေးတွေက လူကိုနာကျင်ခံစား စေတတ်လို့ပါ...။ ကိုယ်ချစ်တဲ့ သူမဟာလည်းနှင်းဆီပန်းလို အဆိပ်ရှိတဲ့သူ မဖြစ်ပါစေနဲ့...။ အချစ်စိတ်သည် သဘာဝအတိုင်း လူတစ်ယောက်ရဲ့ ရုပ်အဆင်းလှပခြင်းကို ဦးစွာ ပထမရှုမြင်ကြည့်တတ်သည်။ သူ့(သို့မဟုတ်) သူမကိုချစ်ခဲ့ စဉ်က ခဏတာအဝေးရောက်လို့ တမ်းတငေးမောဖူးမိတိုင်း မိမိချစ်သူရဲ့ရုပ်သွင် သဏ္ဍာန်ကိုသာ အစဉ် အာရုံတွင် ပုံဖော်တတ်တာ လူ့သဘာဝ။ အကယ်၍များ မိမိချစ်သူသည် တစ်စုံတစ်ခုကြောင့် ကိုယ်ကာယ ပိုင်းဆိုင်ရာ တစ်ခုခုများ ချို့ယွင်းသွားခဲ့ရင် ဘာဆက်လုပ်ကြမလဲဆိုတဲ့ အတွေးမျိုးလည်း မတွေးဝံ့တတ်ပြန် တာလည်း လူ့သဘဝ။ တွေးမိခဲ့ရင်လည်း စိတ်ထဲကနေ '' အမင်္ဂလာ '' ဟု မောင်းထုတ်တတ်ကြသည်။ အချစ်သည် ရုပ်အဆင်းသဏ္ဍာန်ကိုသာ ပိုမိုခင်မင်တတ်သည်။ အချစ်စစ်၊ အချစ်မှန်နဲ့ ဘဝတလျှောက် အနစ်နာခံ ချစ်သွားကြသူများလည်းရှိသည်။ အချစ်စစ်၊ အချစ်မှန်ကို သရုပ်ဖော်ထားသော ၀တ္တုဇာတ်လမ်း များစွာကို ဖတ်ကြည့်ရာက အချစ်အကြောင်း သဘောပေါက်လာတတ်သလို၊ အချစ်ဝတ္တုများ ဖတ်မိတဲ့ လူငယ်လူရွယ်များအဖို့ ဇာတ်လမ်းထဲက အကြောင်းအရာများကို ရင်ခုန်ကြည့်ရင်း အားကျအတုခိုးပြီး လက်တဲ့စမ်းတတ်ကြပြန်လေသည်။ အချစ်အကြောင်းကို လေးနက်စွာရေးသားနေကြသော ကဗျာဆရာ၊ စာရေးဆရာ၊ သီချင်းရေးဆရာများ သည်လည်း တချိန်က အသဲကွဲခဲ့ဖူးသူ များသည်ဟု ပြောစမှတ် ရှိခဲ့ဖူးပါသည်။ အချစ်သည် တစ်ခါတစ်ရံ စားသုံးသူကို အဆိပ်အတောက် ဖြစ်စေတတ်၏။ အချစ်ကြောင့် ဘဝပျက်တတ်သည်။ ဘဝမှာ ကောင်းသော သင်ခန်းစာ တွေလည်းရရှိသည်။ အချစ်ကြောင့် ဘဝတွေ တိုးတက် ကောင်းမွန် သွားတတ်သည်။ အချစ်သည် ခက်ခဲသော ပုဒ်စာဖြစ်တဲ့ ဘဝသင်ခန်းစာတွေကို အိမ်စာပေးသည်။ အချစ်သည် ထူးကဲသော မမြင်နိုင်တဲ့ ခွန်အားတစ်ခု။ အချစ်သည်အေးမြနေတတ်သည်။ အချစ်သည်ပူလောင်တတ်သည်။ လန်းဆန်းသည်။ ပေါ့ပါးသည်။ ပန်းတွေလို ရနံ့သင်းပျံ့ပြီး ရှုရှိုက်သူကို ကြည်လန်းဆန်းစေသည်။ ပုထုဇဉ် လူသားတိုင်းအတွက် မရှိမဖြစ်အလိုအပ် ဆုံးသော အရာတစ်ခု။ အချစ် အကြောင်းကို ဘယ်တော့မှ စာဖွဲ့လို့ မကုန်နိုင်။ ဆက်ရေးရင် တက်လူငယ် ကနေ ချစ်လူငယ် နာမည်ပြောင်းလိုက်ရလိမ့်မယ်။

အချစ်ကို ကုစားကြည့်ခြင်း

အချိန်သည် ဒီရေလို တိုက်စားတတ်သည်။ ထိုကဲ့သို့ပင် အချစ်ကိုလည်း တိုက်စားသွားတတ်ပါသည်။ အချိန်က အရာရာကို ပြောင်းလဲရင့်သန်(ရင့်မှည့်) စေတတ်ပါ၏။ ဥပမာ-မျက်စိထဲမှာ သရက်သီးရင့်မှည့်နေတာကို ပြေးမြင် ကြည့်လိုက်ပါ။ သရက်သီး တစ်လုံးမှည့်လာဖို့ရာ အချိန်ကာလအတိုင်းအတာ တစ်ခုတော့ စောင့်ရပါသည်။ ဒီလိုပဲ အချစ်တစ်ခု ရင့်သန်(ရင့်ကျက်) ပြောင်းလဲလာစေ ဖို့ရာ အချိန်ကာလအတိုင်းအတာ တစ်ခုကို မဖြစ်မနေ ကျော်လွန်ဖြတ်သန်းရသည်။ ထို့နောက် အရာရာကို အမြဲတမ်း ဝါးမြိုသွားတတ်သော အချိန်က အချစ်ကိုလည်း အလွတ်မပေးဘဲ ဝါးမြိုသွားပါလိမ့်မည်။ ဟိုတစ်ချိန်က ရှိခဲ့ဖူးသော အချစ်သည် အပြောင်းလဲကြီး ပြောင်းလဲသွားတတ်၏။ မိမိ ကျင်လည် ဖြတ်သန်းရသော ဘဝတလျှောက် အချစ်ဆိုသည့် အရာကလည်း ထပ်ကြပ်မကွာ တောက်လျှောက် လိုက်ပါကပ်ညှိတွယ်နေရင်းမှ အချိန်ကာလတွေ ကြာမြင့်လာသောအခါ လူကြီးအချစ်၊ လူငယ်အချစ်ဟူရွေ့ အခေါ်အဝေါ်တွေကွဲပြားခြားနား သွားကြလေသည်။ ငယ်ချစ်၊ နှောင်းချစ်ဆိုသည့် အချစ်သီချင်းတွေပင် ထွက်ပေါ်လာခဲ့သေး၏။ ဥပမာ - လေးဆယ်ကျော် ငါးနှစ်ထဲက (တွံ့တေးသိန်းတန်) လိုသီချင်းမျိုးတွေနားထောင်ကြည့်ပါ။ အချစ်နဲ့ ပါတ်သတ်လို့ ကတော့ ဘာပဲ ပြောပြော ပြောမဆုံးနိုင်အောင် တောသုံးတောင်မကအောင် ရှိနေပါလိမ့်မည်။ အချစ်ကြောင့် အသဲကွဲ ပြန်မဆက်နေသူများ တစ်ခါတည်းပြောလိုက်ပါမည်။ ကျွန်တော်လည်း ကွဲဖူးပါသည်။ အချစ်ရောဂါ ပျောက်အောင် အရက်သောက်ပြီးကုစားကြည့်သည်။ စီးထားတဲ့ ဖိနပ်သာပျောက်တယ်။ အချစ်ရောဂါက မပျောက်ခဲ့။ အရက်နာလည်းကျ၊ အချစ်ရောဂါလည်း ပိုထခဲ့သည်။ လူငယ်သဘာဝ မိုးသဲသဲမဲမဲရွာနေတုန်း စိတ်ကူးတွေယဉ်၊ အချစ်ရေယာဉ်ကြောမှာ မျောလွင့်ရင်း ဂစ်တာထိုင်တီးဖူးသည်။ အရက်နာကျပြီးနောက် ဖျားနာကျခဲ့ပြန်သည်။ အချိန်တွေ တဖြည်းဖြည်းနှောင်းလာတော့ အသဲကွဲတဲ့ ရောဂါကအလိုလို ပျောက်ကင်းစ ပြုခဲ့ပြန်ပေါ့။ '' နှလုံးသားကို လာပြီး အနံ့ခံကြည့်ပါ.. ကော်နံ့ရနေလိမ့်မယ်၊ ခွဲခဲ့တဲ့ အသဲ ပြန်ဆက် ထားလို့ပါ '' လို့ ပြောတဲ့ ' ရသ ' သီချင်း ထဲကလိုပဲ.. ကျွန်တော့်မှာ ကွဲထားတဲ့ အသဲကို အချိန်ဆိုတဲ့ သမားတော်က ကော်နဲ့ပြန်ဆက် ပေးထားလိုက် ပါပြီ။ ကော်နံ့လေးကတော့ အခုထိ တငွေ့ငွေ့ ရနေတုန်းပေါ့။ တသသ ပြန်လည် အောင့်မေ့ နေတတ်တုန်းပါ။ အချစ်ကို အကောင်းဆုံးကုစား သွားတဲ့ သမားတော်ဟာ အချိန်သာလျင် ဖြစ်ပါသည်။

9 ယောက်ရဲ့ ထင်မြင်ချက်:

Dr Phyo Wai Kyaw said...

ဟေးဟေး လိုက်လေ့လာနေတာဗျ...

သူကတော့ ၅၂၈ တွေ ၁၅၀၀တွေ နဲ့ စပေးဘောကို ပေးလိုက်တယ်ခင်ဗျ။
ကိုယ်တွေ့လေးတွေနဲ့ ထုံမှုန်းဖွဲ့ဆိုပြီး ဘီးကုပ်စက်ဝိုင်းထိ တစ်ဘရိတ်တည်းဆွဲလာတယ်ခင်ဗျ။
အချစ်သည် လန်းဆန်းသည် ပေါ့ပါးသည် ဆိုပြီး အပေးအယူလုပ်ကစားပါတယ်ခင်ဗျ။
ဂိုးသမားကို သရက်သီးမှည့် ဥပမာနဲ့ လှည့်စားပြီး..
နောက်ဆုံး နှလုံးသားကို လာပြီး အနံ့ခံကြည့် ကော်နံ့ရနေလိမ့်မယ် ဆိုတဲ့ စာသားနဲ့ ကန်သွင်းလိုက်တယ်ခင်ဗျ...။

.ဟာ.. မီးပျက်သွားပြီ.. နိုင်မနိုင်တောင် မသိလိုက်ဘူး။
ဟေးဟေး...။
... :P :P :P

ငှက်ငယ်လေး said...

တော်လိုက်တာနော်....
အချစ်ဆို တာ သေဆုံးသွားတယ် မရှိပါဘူး....
အချိန်တွေက တော့ ဒဏ်ရာတွေအတွက် အကောင်းဆုံးဆေးပေါ့....

မြတ်သွယ် said...

-အချစ်နဲ့ ပါတ်သတ်လို့ ကတော့ ဘာပဲ ပြောပြော ပြောမဆုံးနိုင်အောင် တောသုံးတောင်မကအောင် ရှိနေပါလိမ့်မည်။- အဲစားသားလေးကို နှစ်သက်မိတယ် ကိုတကလူငယ်...
လေးလာသွားပါတယ်
ထူးကဲသောမမြင်နိုင်တဲ့ အင်အားတစ်ခု- ဒီစာသားကိုလဲကြိုက်တယ်
ကိုတက်လူငယ်တော်၏
ညီမလေးတော့ အခက်တွေ့ပြီ...

Anonymous said...

ကြားဖူးသလောက်တော့ အချစ်မှာ Romantic နဲ့ Physical ဆိုပြီး ခွဲခြားထားတယ်ဆိုပဲ။ Platonic ဆိုတာကလည်း ရှိသေး၊ အာာ ရှုပ်ပါတယ် တက်လူငယ်ရယ်။ ဆရာတာရာမင်းဝေလိုပဲ ပြောလိုက်တော့မယ် အချစ်ဆိုတာ ချစ်သူကို ချစ်နေခြင်းသာ ဖြစ်ပါတယ်တဲ့။ မှတ်ကရော။

Anonymous said...

တက်လူငယ်ကို ကျေးဇူးစကားလာပြောပါတယ်--
ပိုစ့်အရှည်ကြီးကိုလည်းဖတ်သွားပါတယ်--

ကျွန်တော့်မှာ ကွဲထားတဲ့ အသဲကို အချိန်ဆိုတဲ့ သမားတော်က ကော်နဲ့ပြန်ဆက် ပေးထားလိုက် ပါပြီ။
ဒီစာကြောင်းလေးအတွက် စိတ်မကောင်းဖြစ်
ခဲ့ပါတယ်---

Unknown said...

အချစ်တွင် အချစ်မှတစ်ပါး...
အခြားမရှိ....
အချိန်သာလျင်
အကောင်းဆုံး
သမားတော်ပါ..
အချစ်နှင့်တကွ...
အရာအားလုံးအတွက်ပေါ့...

Anonymous said...

ကိုယ့်ဆရာရဲ့ အတွေးလဲ ဘယ်ဆိုးလို့လဲဗျ
ကောင်းပါ့ဗျာ

Anonymous said...

တော်လိုက်တဲ့ တက်လူငယ်
အချစ်ကို အဓိပ္ပါယ်ဖွင့်ချက်တွေက သိပ်ကိုလှပသေသပ်လွန်းနေတယ် ... ဟုတ်တယ် ချစ်လူငယ်လို့သာပြောင်းလိုက်ပါတော့လေ ... အဖွဲ့အနွဲ့တွေက သိပ်ခံစားမှုပါပြီး အသက်ဝင်လို့လေ ...။

Anonymous said...

ကျေးဇူး ဒီပို့စ်လေးကြိုက်တယ်