ဘ၀အမောတွေ ..ဖြေသိမ့်လိုက်


နိုးတ၀က်အိမ်မက်နဲ့ ဘ၀ပျက်ည

ဘ၀က အိမ်မက်မက်သလို
မနေ့ကတစ်မျိုး ဒီနေ့တစ်မျိုးနဲ့
ရွှေရှိတယ် ငွေရှိတယ်
လုပ်ချင်တဲ့အရာအားလုံး
ဖြစ်ခဲ့ရ...
ပြည့်စုံတဲ့ဘ၀လို့ရယ်တောင်မှ
ထင်မှတ်မှားကာ အောင့်မေ့ခဲ့ရ။

ဟော...
ဒီနေ့ကြည့်စမ်း
ဘယ်ကစပြီး ဘာတွေကိုလုပ်လို့
ဘယ်အရာက စရမယ်ဆိုတာ
တွေးကြည့်ရင်းက ရင်လေးလှတယ်
ငါ့ဘ၀ရယ်...။

ပျော်ရွှင်မှုတွေ ဆိတ်သုန်း
အောင်မြင်မှုတွေ ကျရှုံး
ငါ့ခြေထောက်တွေ ရိုက်ချိုးခံရ
ဘ၀အစိတ်အပိုင်းတွေ အရစ်ပြုန်း
ကျိုးပြတ် ကျိုးမဲ့သွားတဲ့ ဂီတာတစ်လက်လို
ဒီသံစဉ်တွေ ဒီကာရံတွေ
ဆက်လက်ကွန့်မြူး တေးသံကြူးဖို့
လောလောဆယ်ဘ၀မယ်
မဖြစ်နိုင်တော့တယ် ...။

ဘ၀က အိမ်မက်လှလှ
တေးသွားချိုချိုတွေကို ခံစားရင်း
လွင့်မျောရင်း ကာရံတွေသီ
အချိန်တွေလည်း အလီလီ
ကုန်လွန်ကွယ်ပျောက် တမိုးသောက်တော့
အိမ်မက်တွေက နိုးထငါ့ဘဝ
ဘ၀ဆိုတာ ဒါလားလို့
ငါ ..အခုမှ ဂဃနဏ
သေချာခံစား နားလည်ထားလိုက်တယ် ...
အဲဒီ့အချိန်ကျမှ ငါ့ဝက
မလှမပ လဲပြိုကျနေပြီ
နိုးတစ်ဝက်အိမ်မက်မှာ
ဘ၀ပျက်နေခဲ့တာပါလား ...။

မျှော်လင့်ချက်တွေ ရင်မှာရှိနေသရွေ့တော့
မနက်ဖြန်ဆိုတဲ့ ဘ၀ရဲ့နေ့သစ်တွေ
သာယာစိုပြေနေဦးမယ် ထင်ပါရဲ့ ...
မနေ့ကဆိုတာ အိမ်မက်
မနက်ဖြန်ဆိုတာ မျှော်လင့်ချက်(အနာဂါတ်)
ဒီနေ့က လက်ရှိဘဝ
ဒီအချိန်မှာ ငါနိုးထကာ
ကြိုးစားရမှာပဲလေ ...။

အင်း ...
စုတ်ပြတ်ကြမ်းတမ်းလှတဲ့ဘ၀နဲ့
လောကဓံရဲ့ မုန်တိုင်းထန်ထန်မှာ
ပန်းတိုင်ဟာ ဘယ်လောက်ပဲ
မသဲမကွဲ ဝေးနေစမ်းပါစေဦးတော့
ငါတို့တွေ ဒီခရီးကိုကို အနိုင်ဖြတ်ကူးကြတာပေါ့ ...။

photo : google image

ဆက်ဖတ်ကြည့်မယ်......

အမေသို့ ... တမ်းချင်းများ


“ အမေသို့ ”

အမေ ...
စာမလာ သတင်းမကြား
အဝေးဆီမှာ ရောက်နေရတဲ့
သားတေလေကို ခွင့်လွှတ်ပါနော် ...။

အမေ...
လွမ်းရေးထက် ဝမ်းရေးခက်မို့
အမေ့ရင်ခွင် အေးရိမ်မြုံအောက်က
ပြေးထွက်ခဲ့တဲ့ ကျွန်တော့်ရဲ့
အဖြစ်အပျက်ကို မကြည့်ရက်မှန်း
သားသိပါတယ် အမေရယ် ...။

အမေ ...
သားမရှိတဲ့ နေရပ်ရွာမှာ
တိုင်းတပါးက သားအတွက်
ရတက်မအေး ပူးဆွေးသောကနဲ့
နေ့စဉ်ရက်ဆက် လွမ်းလျက်နေတာ
သားသိပါတယ် အမေရယ် ...။

အမေ ...
အမေတစ်ယောက်တည်း ရပ်တည်ဆဲပဲ
အမေ့အပါးမှာ ချစ်သားမရှိချိန်
နေကောင်းကျန်းမာ ရှိပါလေစ
ညစဉ်ညတိုင်း တွေးမိလေတိုင်း
သားလေ .. အိပ်ရေးမဝခဲ့ရဘူး ...။

အမေ ...
ရွှေပြည်တော်ကို ပြန်လာလိုလည်း
သားရည်မှန်းချက် တဝက်တပျက်
ခရီးဆက်ဆဲ ဘဝထဲမို့
ရွှေပြည်တော်ပြန် အိမ်မက်ခရီးက
မျှော်တိုင်းဝေးဆဲပါ အမေ ...။

အမေ ...
ရည်မှန်းချက်တွေ ပြည့်ဝ
အနာဂါတ်တွေ လှပတဲ့
တစ်နေ့နေ့တော့ ပြန်လာခဲ့မယ်နော် ...။


photo : google image.

ဆက်ဖတ်ကြည့်မယ်......

ရင်ထဲက အမှတ်တရ

တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ ဆိုဂိုကုန်တိုက်အတွင်းရှိ နတ်ပြည်နန်းတော် မြန်မာစားသောက်ဆိုင်

ကျွန်တော် မထင်မှတ်ခဲ့တဲ့ မလေးရောက် ဘလော့ဂ်ဂါများ တွေ့ဆုံပွဲလေးတစ်ခု (၁၁-၁၀-၂၀၀၉)ရက်နေ့မှာ အောင်မြင်စွာ ပြီးစီးခဲ့ပါပြီ။ ကျွန်တော်တို့အားလုံး စိတ်ပင်ပမ်း၊ လူပင်ပမ်းကြီးစွာနဲ့ ဖြစ်နိုင်ချေနည်းလွန်းလှတဲ့ အခွင့်အရေးတစ်ခုအပေါ်မှာ မျှော်လင့်ချက်တွေထားပြီး အကောင်အထည်ဖော်ခဲ့တာ အခုဆိုရင် အဲဒီ့မျှော်လင့်ချက်တွေ အထမြောက်ခဲ့ပြီလေ။ ကျွန်တော့်ဘဝတစ်သက်တာမှာ ဒီလိုအဖြစ်အပျက်မျိုးဟာ ဘယ်တော့မှ မေ့ရနိုင်မှာ မဟုတ်တော့ပါဘူး။ ဒီပွဲလေး ပြီးမြောက်သွားသည့်တိုင် ရင်ထဲမှာ တငွေ့ငွေ့နဲ့အောင့်မေ့သတိရ လွမ်းဆွတ်နေဦးမှာပါ။ နောက်ထပ် ဒီလိုအခွင့်အရေးမျိုး ကြုံကြိုက်လာဖို့ကိုလည်း မျှော်လင့်နေဦးမှာပါ။ ဘဝမှာ သတိတရဖြစ်စေသော အဖြစ်အပျက်လေးများ၊ အမှတ်ရစရာလေးများထဲမှ အမှတ်တရ တစ်ခုဖြစ်မည်ဆိုလျှင်လည်း မမှားပါ။ ထိုအမှတ်တရတစ်ခုအတွက် ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးများကို တစိတ်တဒေသလောက်ပဲဖြစ်စေ မှတ်တမ်းတင်ထားရစ်ခဲ့ရပေမည်။

အဲဒီနေ့မတိုင်ခင်ကပေါ့... ကျွန်တော်တို့ ဒီပွဲဖြစ်မြောက်ဖို့အတွက် ဘယ်လောက် အပင်ပန်းခံခဲ့ရတယ်ဆိုတာ တချို့ရင်းနှီးသူများသာ သိခဲ့ကြတယ်။ ဘယ်နေရာမှာမဆို ဘာပဲလုပ်လုပ် အခက်အခဲ အကြပ်အတည်းတွေကတော့ တစ်ခုမဟုတ်တစ်ခု မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ကြရမှာပဲ။ မလေးရှားဆိုတာက ကိုယ့်ရဲ့တိုင်းပြည်မဟုတ်သလို ကိုယ့်နိုင်ငံမှာလိုမျိုး နိုင်ငံသား လူ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝခံစားခွင့် ရှိတာမဟုတ်။ ဒီကြားထဲ ကိုယ်တွေက သူတပါးတိုင်းပြည်မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသား (လူမျိုးခြား)တွေပါ။ တကယ်တော့ သူတပါးတိုင်းပြည်မှာ နေချင်သလိုနေ၊ ထိုင်ချင်သလိုထိုင်၊ စားချင်သလိုစား၊ သွားချင်သလိုသွား၊ လာချင်သလိုလာလို့ မရဘူးဆိုတာ နိုင်ငံခြားရောက်ဖူးသူတိုင်း သိပြီးဖြစ်ကြပါလိမ့်မယ်။


ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံဟာ မြန်မာပြည်ထက်ပင် အမှောင်ထဲက ဒုစရိုက်သမား၊ မသမာသူများ သာ၍ပေါများပါသေးတယ်။ မလေးရှား အတိုက်ခံပါတီတွေရှိသလို ဆန္ဒပြပွဲတွေကလည်း ရှိထားတော့ လတ်တလော နိုင်ငံရေးဟာ မငြိမ်မသက်ဖြစ်နေတယ်။ ဒါ့အပြင် မလေးရှား လဝက (လူဝန်မှုကြီးကြပ်ရေး)ရဲ့ တရားမဝင်နိုင်ငံခြားသားများ လျှော့ချရေး အစီအမံတွေကြောင့် အများသူငါ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ လိုနေ့များမှာ မြို့တွင်းလူစည်ကားရာ နေရာတိုင်း တွေ့ကရာမြင်ကရာ နိုင်ငံခြားသားလို့ ထင်ရတဲ့လူတိုင်းကို ဟိုဟာစစ်၊ ဒီဟာစစ် လုပ်ကြပါတယ်။ မြန်မာလူမျိုးတွေက အဲလိုအစစ်ဆေးခံရမှာမျိုးကို တရားဝင်နေထိုင်တာပဲဖြစ်စေ၊ တရားမဝင်နေတဲ့သူပဲဖြစ်စေ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါတယ်။ ဒီလိုပါတ်ဝန်းကျင် အခြေအနေ မငြိမ်မသက်မှုတွေကြားထဲက မလေးရှားရောက် ဘလောဂ့်ဂါများ ကြိုးစားပြီးတော့ တနင်္ဂနွေအားလပ်ရက်တစ်ခုမှာ ဒီတွေ့ဆုံပွဲလေးကို မဖြစ်ဖြစ်အောင် လုပ်ခဲ့ပါတယ်။

ဘလော့ဂ်ဂါတွေ့ဆုံပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆိုဂိုကုန်တိုက်အတွင်းရှိ နတ်ပြည်နန်းတော် စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဤပွဲသို့ ဘလောဂ့်ဂါ(၁ဝ)ဦး၊ ဧည့်သည်တော် (၄)ဦး စုစုပေါင်း (၁၄)ဦးတက်ရောက်ခဲ့ပါတယ်။ အစီအစဉ်က ရုတ်တရက် ထလုပ်ခဲ့ရတာဖြစ်လို့ မလေးရောက် ဘလော့ဂ်ဂါများအားလုံးကို စုံစုံလင်လင် ဖိတ်ကြားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဖုန်းနံပါတ် သိရှိထားသူများလောက်ကိုသာ ဆက်သွယ်အကြောင်းကြားနိုင်ခဲ့ပါတယ်။ ဒီပွဲကို မတက်လိုက်ရတဲ့ ဘလော့ဂ်ဂါများ ကျွန်တော်တို့အပေါ်မှာ နားလည်ပေးနိုင် လိမ့်မယ်လို့ ထင်ပါတယ်။ ဒီပွဲအစမှ အဆုံးထိဖြစ်မြောက် ပြီးစီးအောင် စီစဉ်ဆောင်ရွက်ခဲ့တဲ့ ကိုမိုးသွေးငယ်၊ ဒီပွဲမဖြစ်ဖြစ်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတဲ့ ကိုချစ်မိုးညို၊ ကိုco2zenith၊ အလုပ်တွေ မအားတဲ့ကြားကနေမှ ဒီပွဲကို တက်ရောက်ခဲ့တဲ့ အစ်ကိုကြီး ဒီရေ၊ ကိုရဲရင့်နီ၊ ကိုNEO ၊ ညီလေးCraton ၊ မညလေး၊ မသဇင်ဏီ၊ ဧည့်သည်တော်အဖြစ် အစ်ကိုဒီရေ၏ မဟေသီ(:D)၊ မညလေးနဲ့အတူ အဖော်ပါလာတဲ့ ကျွန်တော့်တို့အစ်ကိုကြီး (:D)၊ ခရီးဝေးကနေ အရောက်လာခဲ့တဲ့ မလေးလေး နှင့် မလေးရောက် ဝါသနာရှင်(စာဖတ်ပရိတ်သတ်) ညီမငယ်တစ်ဦးတို့ တက်ရောက်ခဲ့ပါတယ်။

ထိုတွေ့ဆုံပွဲဟာ ခုချိန်ထိတိုင်အောင် ကျွန်တော့်အာရုံထဲမှာ အမှတ်ထင်ထင်ကြီး ပြန်လည်သတိရ အောင့်မေ့နေမိတယ်။ တစ်ကြိမ်တစ်ခါမျှ လူချင်းတွေ့ဆုံခြင်း မရှိခဲ့ရဖူးသူတွေ အပြင်မှာတွေ့တော့ တကယ့် ညီအစ်ကိုမောင်နှမ သွေးရင်းသားရင်းတွေအလား ရယ်ကြ၊ မောကြနဲ့ စကားတွေကို ဖောင်ဖွဲ့ပြောဆို ကြပါတယ်။ လူချင်းမတွေ့ရတဲ့ အွန်လိုင်းထဲမှာကတည်းက တစ်ဦးစာကိုတစ်ဦး ရင်းနှီးကြပြီးသားပါ။

ကျွန်တော်တို့ မလေးရှားရောက် ဘလောဂ့်ဂါများ ဝဘ်ဆိုဒ်လေးထဲမှာ အရင်ကထက် ပိုပြီးတော့ နည်းပညာ၊ ရသ၊ သုတ၊ သတင်းကဏ္ဍတွေ စုံစုံလင်လင် ဖြစ်လာအောင် ဝိုင်းဝန်းရေးသားကြဖို့၊ မလေးရှားရောက် မြန်မာဘလောဂ့်များ ထပ်မံတိုးပွားလာဖို့ တစ်ဦးချင်းစီမှ တစ်ဖက်တစ်လှမ်းကနေ တတ်အားသမျှ ဝိုင်းဝန်းကူညီပေးကြဖို့နှင့် ရှေ့ဆက်၍ မလေးမြေဘလောဂ့်အား ရေရှည်တည်တံ့ရေးအတွက် ဆက်လက်ထိန်းသိမ်းသွားကြဖို့ အကြောင်းတွေ စသဖြင့် ဆွေးနွေးတိုင်ပင်ဖြစ်ခဲ့ပါတယ်။ နောင်တစ်ချိန်ကာလ၌ ဤမလေးမြေဘလောဂ့်တွင် ပါဝင်ရေးသားခဲ့သူများ မိမိတို့ သက်ဆိုင်ရာ ဌာနေအသီးသီးသို့ ပြောင်းရွှေ့ကြလျှင်လည်း ဘလော့ဂ်ဂါမှတ်တမ်းစာရင်းတွင် အမှတ်တရ ထားရစ်ကာ ကျန်ရှိနေဦးမှာဖြစ်သလို နောက်ထပ်ဝင်လာဦးမည့် အသစ်အသစ်သော ဘလော့ဂ်ဂါများကိုလည်း ဆက်လက်ရေးသားခွင့်ပြုသွားဦးမှာ ဆိုတဲ့အကြောင်းတွေ အားလုံးမှ သဘောတူ ဆန္ဒပြုခဲ့ကြပါတယ်။

ကျွန်တော်တို့ ဘလောဂ့်ဂါတွေ့ဆုံပွဲသို့ အလုပ်တာဝန်အသီးသီး မအားလပ်တဲ့အကြားမှ တက်ရောက်ခဲ့ကြသော ဘလော့ဂ်ဂါများနှင့် ဧည့်သည်တော်အချို့အား ကျေးဇူးများစွာ တင်မိပါကြောင်း အမှတ်တရပြောရင်း ကျွန်တော်တို့ရဲ့ ဤမွန်မြတ်သန့်စင်သော စေတနာနဲ့ အားထုတ်မှုသည် လူ့လောကရဲ့ တစ်ထောင့်တစ်နေရာမှနေ၍ တစ်စုံတစ်ခု အကျိုးပြုပေးသွားနိုင်မည်ဆိုလျှင် ကျွန်တော်တို့ အချိန်ကုန်ခံ၊ လူအပင်ပန်းခံရကျိုးနပ်ပါပြီ။

ဆက်ဖတ်ကြည့်မယ်......

တိုင်းတပါးက အဖြစ်အပျက်မှန်တွေ အမြန်ဆုံးသိနိုင်ကြပါစေ...


သူငယ်ချင်းများသို့ ...

သူငယ်ချင်းရေ...
မင်းကြီးပြင်းလာတဲ့ မွေးရပ်ဌာနေ
မြန်မာပြည်မှာ ငါလည်းမင်းလို
ဖြတ်သန်းရင်း ကြီးပြင်းခဲ့ရဖူးပါတယ်...။

ဒါပေမယ့်... ဘ၀ဆိုတာ
တစ်နေရာတည်းမှာ တစ်သတ်မတ်တည်း
ပုံသေကားချပ် ဆက်တည်မြဲချင်မှ မြဲတာလေ...

တိုးတက်မှုဆိုတာ နေရာတကာမှာ
ခေတ်နောက်ကျနေတဲ့ မြန်မာပြည်ရဲ့
အခြေအနေ ဖြစ်ရပ်မှန်တွေကို
ငါသိခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့
မြန်မာပြည်ရဲ့ အလုပ်တွေကရှားပါး
မိသားစုစားဝတ်နေရေး အခြေအနေတွေက
တစ်နေ့ထက်တစ်နေ့ ပိုလို့ဆိုးရွားလာရင်း

ကြီးပွားရေးလမ်းစ အစရှာမရတဲ့
ကိုယ့်တိုင်းပြည်မှာ အနေကြာလာချိန်
ရင်ဆိုင်နေရတဲ့ ဘ၀နေ့ရက်တွေကို
ငါပိုပိုပြီး ခါးသီးလာမိတယ်...။

အဲဒီ့နောက် ...
ဘ၀ကိုလည်းနာကျည်း ငါ့တိုင်းပြည်ကြီးကိုလည်း

ခေတ္တနှုတ်ဆက်ပြီး တိုင်းတပါးမှာ
ဘ၀တိုးတက်ရာ လမ်းအစ ဖွေရှာခဲ့တယ် ...။

သူငယ်ချင်းရေ ...
တိုင်းတပါးက ကြုံဆုံရတာတွေ
ငါသိခဲ့ရတဲ့ ဘ၀အသိတရားတွေ
လောကသစ္စာတရားတွေ မင်းသိစေချင်လို့
မင်းကိုလေ..ဖောက်သည်ချ ပြန်ပြောပြရဦးမယ် ...။

သူငယ်ချင်းရေ ...
တိုင်းတပါးဆိုတာ ရေလည်းခြားသလို
မြေလည်းခြားတယ် လူမျိုးခြားတယ်
ဘာသာတရား ယဉ်ကျေးမှုများဆိုရင်
ပိုလို့ပင် ကွာခြားသေးတယ် ...။

ဘာသာစုံ ဓလေ့စုံ ယဉ်ကျေးမှုတွေစုံ
လူမျိုးတွေကလည်းစုံလို့ အကုန်စုံစီနဖာဖြစ်နေတာ
တိုးတက်တဲ့ ဒီမိုကရေစီ တိုင်းပြည်ကပါ ...။

ဒါပေမယ့် ..သူငယ်ချင်းရယ်...
အဲဒီ့ စုံစီနဖာ တိုင်းပြည်ကြီးမှာ
ကြာရှည်အောင် ငါမပျော်နိုင်ပါဘူး ...။

ဘ၀ဆိုတာ ...
တစ်ခုခုကိုပေးဆပ် စွန့်စားပြီးမှ
လိုချင်တာကို ရယူပိုင်ဆိုင်ရတာမျိုး
ဘ၀ဆိုတာ...
ထိုက်ထိုက်တန်တန် ကိုယ့်ဘက်က
တန်ပြန်မပေးဆပ်ဘဲ အချောင်ရလိုက်တာတွေ
မရှိသလောက် နဲပါးပါတယ်...။

ဘ၀အတွက် ပေးဆပ်မှုတွေ
နစ်နာဆုံးရှုံးလိုက်ရတဲ့ အဖြေစ်တွေဟာ
သူတပါးတိုင်းပြည်မှာ ပိုဆိုးပါတယ် သူငယ်ချင်းရာ...။
ကိုယ့်အသက်ကိုယ် ဖက်နဲ့ထုပ်လို့
သေခြင်းတရားကို ထွေခင်းကစားရင်း
တိုင်းတပါးမှာ ဘ၀ရှင်သန်နေရတာဟာ
ကိုယ့်အတွက်တော့ ကျီးလန့်စာစားဘဝ
မ၀တ၀လေကို ရှုရှိုက်နေရသလိုမျိုး
ရေရေရာရာ ခိုင်ခိုင်မာမာ
ကိုယ့်အတွက်ဆိုတာ ဘာမှအသေအချာ
မရှိသလောက်ပါပဲ သူငယ်ချင်းရယ် ...။

ထပ်ပြောရဦးမယ် သူငယ်ချင်းရေ ...
ငါအထင်ကြီးထားတဲ့ နိုင်ငံခြားမှာလေ
ထင်ထားတာနဲ့ တယ်ခြားနားပါတယ်
နိုင်ငံခြားရောက်မှ ငါ့စိတ်ဓါတ်တွေ
အကြိမ်ကြိမ် ပျောက်ကျခဲ့ရဖူးတဲ့
ငါ့နေ့ရက်တွေကို ပြန်မရေတွက်နိုင်အောင်ပါပဲ ...။

ပထမအစမှာ ငါယိုင်လဲလာတယ်
တဖြည်းဖြည်းနဲ့ ငါယိုင်လဲနေတဲ့ ခြေထောက်ကို
အားတင်းကြိုးစားရင်း ပြန်လည်ခိုင်မြဲအောင်
ပြန်လည်ရပ်တည်ကြိုးစားရတယ် ...။

ငါ့နဘေးနားက လူငယ်တွေတချို့လည်း
ဘ၀တွေ ယိုင်လဲပြိုကျကုန်တယ် ...။
တချို့အားတင်းပြီး မျှော်လင့်ချက်ထား
အနာဂါတ်အတွက်အားတွေနဲ့ ပြန်ထကြတယ် ...။

တချို့အားလျှော့ပြီး မျှော်လင့်ချက်မဲ့
အနာဂါတ်တွေပျောက်လို့ ဘ၀ကိုအရှုံးနဲ့
ရင်ဆိုင်သွားကြတယ် ...။

ငါကတော့ အပြုံးနဲ့ ရင်ဆိုင်လိုက်တယ် ...။

တစ်ကယ်တော့ .. တိုင်းတပါးဆိုတာ
ရေမြေလေထု ကိုယ့်အတွက် ခိုင်မာမှု မရှိဘဲ
ကြာရှည်ဘ၀ ရပ်တည်ကြမယ်ဆိုရင် ...
အဆင်မပြေမှုတွေ များစွာနဲ့ပဲ
ဆက်လက်ကြုံတွေ့နေကြရဦးမှာပဲလေ ...။

ငါ့နဘေးနားက လူတွေ တချို့ ဒုက္ခတွေရောက်နေကြချိန်
ငါကိုယ်တိုင်ကလည်း ဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရချိန်
ငါသူတို့ကို ကယ်တင်ချင်ပေမယ့် ဘာမှမတတ်နိုင်ပါဘူး ...။
ငါတတ်နိုင်တာလေးတော့ ငါလုပ်လိုက်ပါတယ် ....။

အဝေးမြန်မာပြည်က သူငယ်ချင်းများ
တိုင်းတပါးက အခြေအနေမှန်တွေကို
အမြန်ဆုံးသိနိုင်ကြပါစေလို့
ကဗျာမပီ စာမညီတဲ့
ဒီခံစားချက်တွေကို
ပုံဖော်ထုတ်ရင်း ငါအနိုင်နိုင်
ကာရံတွေသီကာ ရေးစပ်လိုက်တယ် ....။

အဝေးက သူငယ်ချင်း
(၆-၁၀-၂၀၀၉)

ဆက်ဖတ်ကြည့်မယ်......

အဝေးရောက် လူငယ်များအတွက် ဘ၀ အမောပြေ..အလွမ်းပြေ

အဝေးကအမေ သိစေချင်တယ်

တစ်ကယ်တော့... အမေရယ်...
နိုင်ငံရပ်ခြား တိုင်းတပါးဆိုတာ
အမိမြေနဲ့ ခွဲခွာဖူးသူတိုင်း
သိခဲ့ကြတဲ့ အသိတရားတစ်ခုက
တစ်ဘ၀တာမဟုတ်ဘဲ တစ်ခဏစာအလုပ်လုပ်ဖို့
ရောက်လာခဲ့ကြတာပဲ မဟုတ်လား....?။

တစ်ကယ်တော့... အမေရယ်...
နိုင်ငံခြားမှာ အလုပ်သွားရှာတာဟာ
အဆင်မပြေတဲ့ ဘ၀ရဲ့အကြပ်အတည်းတွေကို
ဖြေရှင်းဖို့အတွက် ပြေးထွက်ခဲ့တဲ့ ထွက်ပေါက်တစ်ခုဆိုရင်...
ဒါဟာ...ဖြစ်သင့်တဲ့ ထွက်ပေါက်အမှန်လား...?။

တစ်ကယ်တော့... အမေရယ်...
သားတိုးထွက်ခဲ့တဲ့ နိုင်ငံခြားဆိုတဲ့
တံခါးပေါက်ရဲ့ နောက်ကွယ်မှာလေ
တွေ့ဆုံကြုံကြိုက် ရှောင်မရလိုက်တဲ့
အဖြစ်တွေက စာဖွဲ့လို့မကုန်နိုင်အောင်
များပြားလွန်းပါရဲ့ အမေရယ်...။

တစ်ကယ်တော့... အမေရယ်...
လူတွေထင်မှတ်ထားကြသလို တိုင်းတပါးမှာရှိတဲ့
အလုပ်အကိုင် ဘ၀အခွင့်အလမ်းတွေဟာ
အဆင်ပြေချင်မှ ပြေလည်ကြတာပါ
ဘ၀ခရီးလမ်း ဆုံးခန်းမတိုင်မှီ
ရည်မှန်းချက် တစ်ဝက်တစ်ပျက်နဲ့
လူငယ်တချို့ ဘ၀ရေတိမ်မြုပ်ကြရရှာတယ်...။
တချို့လူငယ်တွေ သေကြေပျက်စီးကြရရှာတယ်...။
တချို့လူငယ်တွေ ကြေကွဲစွာ ငိုရှိုက်ငြီးတွားကုန်ကြတယ်...။

တစ်ကယ်တော့...
စွန့်ရဲမှစားရတယ်ဆိုတာ တိုင်းတပါးမှာပါအမေရယ်...
ဘ၀ကိုစတေး ခန္ဒာအားပေးဆပ်လို့
အသက်သွေးချွေးနဲ့ ရင်းနှီးခဲ့ကြတဲ့နောက်မှာ
ရရှိလာမယ့် အကျိုးခံစားခွင့်တွေဟာ
ကိုယ်ပေးဆပ်လိုက်ရတာနဲ့ ထိုက်ထိုက်တန်တန် ရှိပါလေစ...။

ဒါပေမယ့်လေ... အမေရယ်...
ဒုက္ခဆိုတဲ့ လောကဓံအကြောင်းတရားတွေဟာ
လူတစ်ယောက်ရဲ့ ဘ၀ကို
ပျော့နေတဲ့ဖရောင်းကနေ သံချောင်းလိုမာအောင်
မာနေတဲ့သံချောင်းကနေ ဖရောင်းလိုအရည်ပျော်သွားအောင်
ပြောင်းလဲပစ်နိုင်တဲ့ အစွမ်းသတ္တိတွေရှိတယ်လေ...။

တစ်ကယ်တော့... အမေရယ်...
သားသိလိုက်ရတဲ့ အသိတရားတစ်ခုက
ဒုက္ခတွေတသီကြီးခံနေတဲ့ ဘ၀ခရောင်းလမ်းနဲ့
လူငယ်တွေအတွက် ဘ၀အရည်အချင်းတွေ
ဆန်းစစ်မြှင့်တင်ပေးနေတဲ့ လောကဓံကျောင်းတော်ကြီးဟာ
ဟိုးအဝေးက တိုင်းတပါးမှာရှိနေတယ်ဆိုတာ
အဝေးကအမေ မြင်ကြည့်လှည့်စေချင်တယ်....။

အဝေးကသား
(၃-၁၀-၂၀၀၉)

ဆက်ဖတ်ကြည့်မယ်......

သံသရာရှည်ခရီးသို့ တစ်ခေါက်.... (ခေတ္တခဏ နှုတ်ဆက်ခြင်း)

ကျွန်တော်တစ်ယောက် ရုတ်တရက် အမှတ်မထင်ပဲ ဘုန်းခနဲ ပြုတ်ကျလာခဲ့သော ဘ၀အခြေအနေ အကြောင်း တရပ်ကြောင့် မည်သူ့ကိုမျှနှုတ်ဆက်နိုင်ခြင်းမရှိဘဲ အဝေးတစ်နေရာဆီသို့ အထီးကျန်ဆန်စွာနဲ့ ခရီးထွက်ခွာ သွားခဲ့ရပါတယ်။ အဲဒီ့နေက မိုးတွေအရမ်းသဲနေခဲ့ပြီး ကျွန်တော့်ဘ၀ဟာလည်း မိုးသဲသဲအောက်က ခြေနင်းပြား ဖက်ရွက်တခုလို စိုရွှဲကြေမွနေခဲ့ပါပြီ။

ယခု ကျွန်တော်ရောက်နေတဲ့ နေရာက မလေးရှားရဲ့ စည်ကားသော မြို့ကလေးတစ်မြို့မှာပါ။ လူသံ၊ သူသံ၊ ကားသံ တညံညံနဲ့ ရင်ထဲမှာလည်း မျှော်လင့်ချက်တွေနဲ့ ဆူညံပွက်နေခဲ့တယ်။ ရှေ့ဆက်ဖြစ်မယ့် ကိုယ့်ဘ၀ကိုတောင် ဘာမှန်း ရေရေရာရာ မသိခဲ့ရဘူး။ ဆိုးရွားလွန်းလှတဲ့ ဘ၀ကြမ္မာ အဖြစ်သနစ်တွေအကြားမှာ အနေကြာလာတော့ ဘ၀ရဲ့ အထုအထောင်းဒဏ်တွေကို ကြံ့ကြံ့ခံလာနိုင်တယ်။

ရုတ်ချည်းပြောင်းလဲသွားတဲ့ ဘ၀ကြမ္မာကို နဲနဲမှ ကြောက်လန့်တုန်လှုပ်ခြင်းမရှိပါ။ ပြုံးပြုံးလေးပဲ ရင်ဆိုင်လိုက်တယ်။ ကိုယ့်လိုလူသားတွေလည်း ဘေးမှာ တသီးကြီး လျှောက်လှမ်းနေကြဆဲဆိုတာကို သိလိုက်ရတော့ ပျော်ရွှင်အောင်နေတတ်လာတယ်။

တကယ်တော့ ကျွန်တော်ဟာ ဘ၀သံသရာ ခရီးရှည်ထဲက ဒုက္ခလူသား တစ်ယောက်ပါလားလို့ တွေးတတ်လာတယ်။ ပိုးဖလံဆိုတဲ့အမျိုးကလည်း ပူမှန်းသိရက်နဲ့ မီးကိုပဲတိုးတတ်သလို ကျွန်တော်ကလည်း ဒုက္ခတွေ တသီကြီး ခံနေတဲ့ ခရောင်းလမ်းကိုမှ ဇွတ်အတင်း လျှောက်ချင်နေမိတာပါပဲ။

ဘ၀ဟာ ရှေ့ဆက်လျှောက်လေလေ ပိုပြီးတော့ အဓိပ္ပာယ်ရှိကာ ပြည့်ဝလာလေလေပဲ။ လူငယ်တိုင်းရဲ့ ရင်ဘတ်ထဲမှာ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့မို့ ကျွန်တော့်မှာလည်း မှေးမှိန်စွာရှိနေတဲ့ မျှော်လင့်ချက်လေးတွေက ပိုပြီးတော့ အရောင်တောက်ပလာတယ်။ ရှေ့ဆက်လျှောက်လှမ်းရမယ့် တကိုယ်တည်း ဘ၀လမ်းအတွက် အထီးကျန်ဆန်တာ မှန်ပေမယ့် ကျွန်တော် ၀မ်းနည်းပြီး ထိုင်မနေတတ်ပါ။ ဘ၀ခံယူချက်၊ ယုံကြည်ချက်တွေကို အားပြုပြီး အံကို ကြိတ်ကာ ဆက်လျှောက်နေခဲ့တယ်။ တနေ့နေ့တော့ အဲဒီ့မျှော်လင့်ချက်တွေဆီကို ရောက်သွားဦးမှာဆိုတာ ယုံကြည်နေဆဲပါ။

ဆက်ဖတ်ကြည့်မယ်......

ရွှေ့ပြောင်းအလုပ်သမား

ကျွန်တော်ရောက်သွားတဲ့ နေရာက တခြားမဟုတ်ပါဘူး။ မလေးရှားမှ လုပ်ငန်းရှင် သူဌေးများနှင့် အလုပ်သမားများအကြား ဆက်သွယ်ပြီး အလုပ်သမားဝန်ဆောင်မှုတွေ လုပ်ပေးနေတဲ့ အလုပ်သမားရေးဆိုင်ရာ အေဂျင်စီရုံးတစ်ခုမှာပါ။

ဟိုရောက်တော့ ၀င်ဝင်ချင်း မြန်မာစကားပြန် တယောက်က မေးခွန်းတွေ တရဆက်ထုတ်လာပါတယ်။ ဘာဖြစ်လို့ ပြန်လာတာလဲ..?။ ဘာလဲ..?။ ညာလဲ..?။ မြန်မာလိုပေါ့ဗျာ။ ကျွန်တော့်မျက်နှာ တည်တည်ပဲ.. ကျွန်တော်ဘာမှမဖြစ်ဘဲ ပြန်လာတာလို့ ပြန်ပြောလိုက်တယ်။

အဲဒီ့အေဂျင်စီမှာ ရောက်ခဲ့တဲ့ မြန်မာအလုပ်သမားပေါင်း များစွာရဲ့ ပြသနာပေါင်း သောင်းခြောက်ထောင် ဖြေရှင်းပေးခဲရပြီးပြီဆိုတော့ သူတို့ ဒီလိုမေးရင် ဒီလိုဖြေရမယ်ဆိုတာ ကျွန်တော့် ဦးနှောက်က အော်တို သိနှင့်ပြီးသားပဲလေ။ တကယ်လည်း ကျွန်တော့်မှာ အလုပ်ရှင်နဲ့ ဘာပြသနာမရှိခဲ့ပါဘူး။ တခြားလူပိုလူလျှံ အလုပ်သမားလျှော့ချခြင်း ကိစ္စများကြောင့်သာဖြစ်ကြောင်း ကျွန်တော်က အေးဂျင်စီရုံးကို ပြန်လည် ဖြေရှင်းပြခဲ့တယ်။

ဒါနဲ့ပဲ ကျွန်တော့်ကို ထုံးစံအတိုင်း ဒုတ်နဲ့ ရိုက်နှက်ခြင်း၊ ဂျပန်လို ပါးရိုက်ခြင်းများ မပြုလုပ်တော့ဘဲ လျှောလျှောရှုရှု အပေါ်ထပ်က အလုပ်သမားများ နားနေခန်းထဲမှာ သွားနေခိုင်းပါတယ်။ အပေါ်ရောက်တော့ မြန်မာလူငယ်များ ဒုက္ခကိုယ်စီ၊ ပြသနာကိုယ်စီနဲ့ အိပ်တဲ့သူက အိပ်၊ ထိုင်တဲ့သူကထိုင်လို့။ သူတို့ မျက်နှာတွေကြည့်မိကာမှ ကိုယ်တောင် စိတ်ဓါတ်တော်တော်ကျသွားတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ အားတင်းနိုင်လိုက်ပါတယ်။ လောက သဘာဝတရားကို နားလည် သဘောပေါက်နေခဲ့ပါပြီ။

လောကဓံရဲ့ ရိုက်ပုတ်ခြင်းနဲ့ အထုအထောင်းဒဏ်တွေကို ကောင်းကောင်းခံစားခဲ့ရသည်မှာ လွန်ခဲ့သောနှစ်များစွာတိုင်ကပင် ရှိခဲ့ချေပြီ။ နဘေးနားက လူများကိုလည်း တတ်နိုင်သလောက် အားပေးစကား ပြောရသေးသည်။

စိတ်မကောင်းသည်မှာ မြန်မာတွေ အတော်များများဟာ ပြည်ပမှာ ဗဟုသုတ နဲပါးခြင်းဖြစ်သည်။ လူငယ်အများစုက အတွေးအခေါ် မှားယွင်းတတ်ကြရာမှ အစပြုကာ ဒုက္ခရောက်ကြရခြင်း ဖြစ်သည်။

ပိုပြီးတော့ စိတ်မသက်မသာဖြစ်ရသည်မှာ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်ဆိုက်ချိန် မလေးရှားမှာလည်း အလုပ်သမား အခွန်ကောက်မှုနှုန်းကလည်း မြင့်တက်လာတော့မည်ဆိုတဲ့ သတင်းနဲ့အတူ မြန်မာအလုပ်သမားတွေ အလုပ်ရှင်ရဲ့ မတန်တဆ ဖိနှိပ်ခံရမှု သတင်းတွေကြောင့်ပါပဲ။ အကြွေးနဲ့လာတဲ့သူတွေ ဒုက္ခအကြီးအကျယ် ရောက်ကြရသည်။ ပေးစရာငွေမရှိ ပြေးစရာမြေမရှိဆိုတာ ဒါပါပဲဗျာ။

စာရေးတဲ့ ၀ါသနာပါသူပီပီ လူမှုဘ၀ အစုံကို အပြင်ဘက်ကနေ ထွက်ပြီး အကဲခတ် သုံးသပ်နေမိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဒုက္ခကို ပုခုံးထမ်းထားရတုန်းပဲ ဆိုပါတော့။

မလေးရှားရောက် မြန်မာအလုပ်သမားတွေရဲ့ ဘ၀ဟာ တယ်လည်း မသေးလှဘူးဆိုတာ အေဂျင်စီရုံးကို ရောက်ကာမှ ပိုပြီး သိလာတယ်။ အဲဒီမှာ မြန်မာ မိန်းကလေးတွေကလည်း ရှိနေသည်။ သူတို့လည်း အလုပ်ပြောင်းရန် စောင့်ဆိုင်းနေကြသည်မှာ နှစ်ပါတ်လောက်တောင် ရှိပြီလို့ သိရတယ်။ တခြား ကျန်တဲ့သူတွေကလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပင် ရှိနေကြပြီး အလုပ်အသစ်ကို ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေကြဆဲ။

ကျွန်တော့်ကို အဲဒီ့နေ့ရဲ့ ညနေဘက်မှာ ကားနဲ့ လာခေါ်တယ်။ ရုံးခန်းထဲရောက်တော့ အင်တာဗျူးတယ်။ မင်းအရင်လုပ်ခဲ့တဲ့ အလုပ်က အနေချောင်တယ်၊ နဲနဲ သက်သာတယ်။ ဒါပေမယ့် အခုလုပ်ရမယ့် အလုပ်က နဲနဲ ပင်ပန်းမယ်၊ ကြမ်းတမ်းမယ်လို့ အလုပ်သမား အေဂျင်စီရုံးက တရုတ်သူဌေးက ပြောတယ်။ ဟုတ်ကဲ့ ရပါတယ်ဗျာ ပြောရုံကလွဲလို့ အခြား ရွေးစရာလမ်းမရှိတော့ဘူး။ ဒါနဲ့ အလုပ်သစ်အတွက် အားမွေးနေမိတယ်။ နောက်နေ့ညနေဘက်မှာ အလုပ်သစ်နေရာကို လိုက်ပို့ပါတယ်။

အပြောင်းအလဲ သိပ်များတဲ့ ကျွန်တော့်ဘ၀ဟာ နောက်တနေ့မနက်မှာပဲ အလုပ်သစ်နဲ့ ဘ၀သစ်စခဲ့ပါပြီ။ နေရာသစ်မှာ အားလုံး အံဝင်ခွင်ကျ ဖြစ်အောင်လို့ အရင်ဆုံး ကြိုးစားရဦးမည်။ အင်တာနက်ဆိုတာကြီးနဲ့လည်း ဝေသွားပါပြီ။

ကျွန်တော့် ဘလော့ဂ်လေးကို အမှတ်တရအဖြစ် ထားရစ်ခဲ့ပါတယ်။ စာပုဒ်ရေပေါင်း(၄၀)ကျော် တင်နိုင်ခဲ့သည်။ တချို့နဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ရသည်။ ဘလော့ဂ်ရေးခြင်း အလုပ်ထဲမှ သော့ချက် တချို့ ရှာဖွေတွေ့ရှိခဲ့ရသည်။ ဒီလို ဘလော့ဂ်ရေးခြင်းအလုပ်ကို ကျွန်တော့်အမြင်အရ အားပေးပါတယ်။ စာရေးခြင်း ၀ါသနာပါသည့်အလျောက် ကွန်ပျူတာနဲ့ အနေနီးစပ်မှု ဓါတ်ခံရှိတဲ့ လူတွေအတွက် ဘလော့ဂ်ဂါဖြစ်ဖို့ (၉၉.၉၉)ရာခိုင်နှုန်း သေချာပါသည်။

ကိုယ်ပိုင်ကွန်ပျူတာမရှိတဲ့ (မ၀ယ်နိုင်သေးတဲ့) ကျွန်တော်ကတော့ ဗဟုသုတ၊ စာပေ၊ ရသ ပညာတွေ စုံလင်လှတဲ့ အိုင်တီလောကကြီးနဲ့ အနေဝေးသွားပါပြီ။

ဒီ့အတွက် ကျွန်တော်ဝါသနာပါတဲ့ ဘလော့ဂ်ရေးခြင်းကိုလည်း အဆက်ဖြတ်ရပေတော့မည်။ စာအုပ်အကြမ်းထဲမှာ ဖြစ်သလိုရေးခြစ်ထားတဲ့ စာတွေက (၁၆)မျက်နှာကျော်လောက်ရှိမယ်ထင်တယ်။ အဲဒီ့စာတွေ ဘလော့ဂ်ပေါ်မှာ အချိန်မှီ မတင်လိုက်နိုင်ခြင်းအတွက် စိတ်မကောင်းပါ။ အားလုံးကိုလည်း ခေတ္တခဏ နှုတ်ဆက်ခဲ့ပါတယ်။

ဆက်ဖတ်ကြည့်မယ်......