အမုန်း(အစား) မိမိဘဝမှာ ရှိနေတဲ့ အားနည်းချက်၊ လိုအပ်ချက်နှင့် အပြစ်များ

ဘလော့ဂ်ဂါ လောကထဲကို စရောက်လာတာ မကြာသေးတဲ့ ကျွန်တော့်အဖို့မှာ Tag ခံရခြင်းဆိုတာတွေလည်း မရှိခဲ့သေးသလို Tag တယ်ဆိုတဲ့ ဝေါဟာရကိုလည်း ဘလော့ဂ် စရေးဖြစ်မှ ကြားဖူးတာပါ။ မိတ်ဆွေ တစ်ယောက်ရဲ့ ဘလော့ဂ်မှာ Tag အကြောင်း ရေးထားလို့လည်း Tag ဆိုတဲ့ ဝေါဟာရကို နားလည် သဘောပေါက် သွားပါပြီ။ Tag ခံရခြင်းနဲ့ပါတ်သတ်လို့ သင်္ကြန်မှာ တစ်ခါမှ ရေအလောင်းမခံရသေးတဲ့ အပျိုကြီးကို လူငယ်တွေက ရေလာလောင်းတာ ခံလိုက်ရသလိုမျိုးကြီးပဲ။ ရေစိုမှာကလည်း ကြောက်သေးတယ်။ ရေအလောင်းကလည်း ခံချင်တယ်။ '' အောင်မယ်..ငါ့ကိုတောင် တကူးတက ရေလာလောင်းသွားပါလား ''ဆိုပြီး မာန်တက်ချင်သလိုပဲပါဗျာ။ ရေစိုတော့ ရှိုးပျက်မယ်။ ရေလောင်း ခံရတာတော့ ပိတိဖြစ်တယ်။ ဒီလိုပဲ Tag တာ ခံရတော့ ပီတိလည်းဖြစ်သလို ကိုယ့်မကောင်းကြောင်း ပြောပြီးပြန်ရင်လည်း ကိုယ်ပဲ သိက္ခာကျဦးမယ်။ ကျပါစေတော့ဗျာ။ တကူးတက လာပြီး Tag တဲ့သူရှိမှတော့ တကူးတက ပြန်ဖြေရတော့မှာပေါ့။ ခင်မင်နေတဲ့ ဘလော့ဂ်မိတ်ဆွေတွေထဲက ညီမ ငှက်ငယ်လေး က Tag လိုက်တာပါ။

'' ကိုယ့်ကိုကိုယ် မုန်းမိတဲ့ (၁ဝ)ချက် '' တဲ့ဗျာ။ အမုန်းဆိုတာနဲ့ပါတ်သတ်လို့ အများအမြင်နဲ့ မတူဘဲ ကျွန်တော် လက်ခံယူဆ ထားတာတွေ ရှိပါတယ်။ ရှေးဦးစွာ တင်ပြပါရစေ။ အသေအချာပြန်စဉ်းစားကြည့်တော့ ကိုယ့်ကိုကိုယ် မုန်းတယ်ဆိုတဲ့ စကားကို ကျွန်တော်ကလေးကတည်းက တစ်ခါမှ မပြောမိခဲ့ဘူးဗျ။ ဘဝမှာ အလိုမကျတာတွေ ဖြစ်လာခဲ့ရင် ကိုယ့်ဘဝကိုကိုယ် နာကျည်းစွားနဲ့ '' ငါ့ဘဝက ဒီလောက်တောင် နုံချာလှချေလားကွာ၊ ဘဝပေး ကံကြမ္မာက စုတ်ပြတ်သတ်လှချေလားကွ '' ဆိုတာမျိုးလောက်တော့ အမြဲလိုလို ပြောခဲ့ဖူးပါတယ်။ တစိမ်း(သို့မဟုတ်) မိတ်ဆွေ၊ သူငယ်ချင်းဖြစ်ဖြစ် '' ငါမင်းကိုမုန်းတယ် '' ဆိုတဲ့စကားမျိုးကို လူဆယ်ယောက်ပြည့်အောင် မပြောဖူးတဲ့ ကျွန်တော်အတွက်တော့ '' ငါ့ကိုယ်ငါ မုန်းတယ် '' ဆိုတာ ယနေ့အချိန်ထိ တစ်ခါမှ မပြောဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ကိုယ်မှာ မုန်းစရာ အကြောင်းလည်း ရှာမတွေ့သေးလို့ ပါပဲ။ တစ်ကယ်လို့သာ လူတစ်ဦးတစ်ယောက်က ကိုယ့်ကိုကိုယ် မုန်းတီးခဲ့မယ်ဆိုရင် သူဟာ ဒီလောကကြီးထဲမှာ အသက်ဆက်တည်ရှင်သန်နိုင်ဦးမှာ မဟုတ်တော့ပါဘူး။ သူ့ကိုယ်သူ သေကြောင်းကြံစည်သွားမှာ သေချာပါတယ်။

အမှန်က မုန်းခြင်းဆိုတဲ့ နေရာမှာ မိမိကိုယ်ကို အားနည်းခြင်း၊ အလိုမကျဖြစ်ခြင်း၊ အပြစ်မြင်ခြင်း ဆိုတာတွေ ကိုသာ အစားထိုး သုံးနှုံးသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ တစ်ကယ်လို့သာ ကိုယ့်ကိုကိုယ် မုန်းခြင်း (၁ဝ)ချက်မဟုတ်ဘဲ ကိုယ်မုန်းတဲ့သူကို မုန်းရခြင်း အကြောင်းအရင်း (၁ဝ)ချက် Tag လာခဲ့မယ်ဆိုရင် ကျွန်တော် ချက်ခြင်း (၁)နာရီတောင်မကြာဘူး။ ဘလော့ဂ်ပေါ်ကို အမြန်တင်နိုင်တယ်။ အခု ကိုယ့်ကိုကိုယ်ဆိုတော့ တော်တော်လေးကြာသွားတယ်။ အစကတော့ သတိမထားမိဘူး။ သူများဘလော့ဂ် တွေမှာလည်း ဒီလိုပဲ Tag ခံးထားရတာကို ပြန်ဖြေထားကြတာမျိုးတွေ ဖတ်ရတော့ သြော်..ဟုတ်ပေသားပဲ။ ကိုယ့်ကိုကိုယ် မုန်းတဲ့ဟာတွေလည်း ရှိမှာပဲပေါ့ ဆိုပြီး အလွယ်လေးစဉ်းစားမိခဲ့တယ်။ ကိုယ့်အလှည့်ကျ Tag ခံရရော သတိဝင်ပြီး ပြန်စဉ်းစားကြည့်မိတယ်။ ဟာ..မဟုတ်သေးပါဘူး၊ တစ်ခုခုတော့ လွဲနေတယ်ထင်တယ် ဆိုပြီး သိတိထားပြီး စဉ်းစားကြည့်လိုက်တော့မှ ရှင်းရှင်းကြီး သဘောပေါက်တော့တာပဲ။

Tagခံရတဲ့ မိတ်ဆွေ အများစုရဲ့ ဘလော့ဂ်မှာ ရေးထားတာတွေထဲမှာ အဓိက သတိထားမိတာ တစ်ခုရှိတယ်။ Tag ခံရပြီး စိတ်ညစ် သွားတယ်တဲ့၊ ပြီးတော့ တော်တော်စဉ်းစားပြီးမှ အချိန်ယူ ရေးပေးလိုက်ရတယ်ဆိုတာ မျိုးတွေပါ။ အဲ့ဒီ့ကတည်းက တစ်ခုတော့လွဲနေတာပေါ့ဗျာ။ ကိုယ်က စစဉ်းစား ကတည်းကိုက ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ ဇွတ်မုန်းကြည့် နေတာကိုး၊ အသိစိတ်က မုန်းကြည့်နေပေမယ့် မသိစိတ်က လက်မခံဘူးလေ။ မိမိကိုယ်ကို မုန်းတာရှိလားလို့ မမေးဘဲ အပြစ်တွေ၊ အားနည်းချက်တွေ၊ လိုအင်မပြည့်ဝတာတွေရှိလား ဆိုပြီး ကိုယ့်အပြစ်ကိုကိုယ် ရှာကြည့်မယ်ဆိုရင် ချက်ခြင်း အဖြေရတယ်။ စာရေးဆရာမဟုတ်သော်လည်း ကျွန်တော့်ကို ဝတ္ထုတို တစ်ပုဒ် အမြန် ရေးပေးပါဆိုရင် ကြိုးစားပြီးတော့ ရေးပေးနိုင်ပါသေးတယ်။ အခုဟာက ကိုယ့်ကိုကိုယ် မုန်းဖို့ရာ တော်တော်ကြီး ခက်နေရတဲ့ အကြောင်းအရင်း တစ်ခုလိုဖြစ်သွားတာကိုး။ အတိုချုံး ပြောရရင် ကိုယ့်ကိုကိုယ် မုန်းစရာမလိုပါ။ မမုန်းသေးပါဘူး။ ကျွန်တော်မုန်းနေတာက ကျွန်တော့်ကိုယ်ကို မဟုတ်ပါဘူး။ လူလူချင်း မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်လိုသူ၊ လူလူချင်း မတူမတန် ဆက်ဆံတဲ့ လူတန်းစား မျိုးတွေ၊ အမှန်တရားကို ဖုံးကွယ်ချင်ကြတဲ့ သူမျိုးတွေကိုသာ မုန်းပါတယ်။ လောကကို သဘာဝအတိုင်း ရှုမြင် တတ်ပြီး နှလုံးသားနဲ့ ခံစား နားလည်တတ်ကြ သူတွေကို ကျွန်တော် အရမ်းလေးစား ချစ်ခင်ပါတယ်။ ဒါတွေထားပါတော့။ ကျွန်တော် မမုန်းတဲ့ လတ်တလော ကျွန်တော့်ဘဝမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအချက် တွေထဲမှ အဓိက (၁ဝ)ချက်ကို အမုန်း (အစား) မိမိဘဝမှာ အားနည်းချက်၊ လိုအပ်ချက်၊ အပြစ်တွေ အဖြစ်သာ ပြောင်းလဲ ဖြေကြား ပါရစေ။

၁။ ကျွန်တော့် မိသားစုအပေါ်မှာ တာဝန်မကျေသေးလို့ ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်ရပါတယ်။

၂။ ကျွန်တော်လုပ်ချင်တာတွေ သိပ်များနေခြင်းကြောင့် မလုပ်ဖြစ်သေးတာတွေကို အလိုမကျ ဖြစ်ရပါတယ်။

၃။ နဂိုဗီဇကိုက အေးဆေးစွာနေတတ်သော အကျင့်ကြောင့် လက်တွေ့ဘဝရှိ အချို့လုပ်ငန်းခွင် နေရာများတွင် ကိုယ်နဲ့ အလုပ်က ဆန့်ကျင့်ဘက်လို ဖြစ်နေတတ်သဖြင့်လည်း လက်ရှိအလုပ်ကို ဘဝင်မကျဖြစ်ရပါတယ်။

၎။ လူတစ်ယောက်ကို သဘောရိုးနှင့် အဦးဆုံး ရှုမြင်တတ်သော မိမိ အကျင့်ကြောင့် ခဏခဏ လူလိမ်ခံရ ဖူးသဖြင့် မိမိကိုယ်ကို သတိမထားရကောင်းလားဆိုပြီး အားနည်းချက်တစ်ခုအဖြစ် အပြစ်မြင်မိပါတယ်။

၅။ သာမန်အချိန်မှာ လူအေးတစ်ယောက်လို နေတတ်သော်လည်း ကိုယ်နဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ဖြစ်စေ၊ ကိုယ့်ကို အပြစ်တင်ရှုတ်ချလာလို့ဖြစ်စေ အဲ့ဒီ့လူကို မခံချင်အောင် ပြန်ပြောတတ်သော၊ စိန်ခေါ်ဝံ့သော မိမိအကျင့်ကြောင့်လည်း ခဏခဏ ပြသနာတတ်ခဲ့ဖူးသဖြင့် ထိုအကျင့်ကို ကောင်းကောင်း မဖျောက်ဖျက်နိုင်သေးသော မိမိကိုယ်ကိုလည်း အပြစ်ရှိနေသည်ဟု ထင်မြင်မိပါသည်။

၆။ ပုလင်းကွဲရှရင် ခဏလောက်သာ နာကျင်တတ်သော်လည်း အသဲကွဲရှရင် အကြီးအကျယ် နာကျင်ခံစား တတ်သောကြောင့် မိမိနှလုံးသားကိုလည်း အားနည်းချက်တစ်ခုအဖြစ် အပြစ်မြင်မိပါတယ်။

၇။ အချိန်ကို ကောင်းစွာ စီမံခန့်ခွဲတတ်တဲ့ အလေ့အထ မရှိခဲ့သဖြင့် ဘဝမှာ ဆုံးရှုံးခဲ့ရတာတွေ၊ လက်လွတ်ခဲ့ရတာတွေ၊ ခေတ်သစ်မှာ နောက်ကောက်ကျ ကျန်ရစ်ခဲ့တာတွေ များခဲ့သဖြင့်လည်း အချိန်ကို လေးစားဖို့ လိုအပ်သေးတယ်လို့ ထင်မြင်မိပါတယ်။

၈။ ကျွန်တော့် အပေါင်းအသင်း၊ ရောင်းရင်းများနှင့် ရံဖန်ရံခါ ကြုံရင်ကြုံသလို ပျော်ပါး သောက်စားတတ်ခြင်း၊ လက်ထဲမှာ ရှိတဲ့ငွေကို အတိုင်းအဆမရှိ လက်လွတ်စပယ် သုံးစွဲတတ်သော မိမိအကျင့်ကြောင့် ခဏခဏ ဒုက္ခရောက်ဖူးသဖြင့် ထိုအကျင့်ကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ပါသေးသည်။

၉။ အစွဲအလန်းကြီးကြီး ထားတတ်သော မိမိ အကျင့်ကိုလည်း အားနည်းချက်တစ်ခု အဖြစ် ထိမြင်မိပါသည်။

၁ဝ။ ဘလော့ဂ်ဂါရောဂါကို အခုမှ စတင်ခံစားရဖူးသဖြင့် ဘလော့ဂ်ပိုး မသတ်နိုင်သေးသော မိမိကိုယ်ကိုလည်း အပြစ်တင်မိပါသည်။


ဒီလောက်ပါပဲဗျာ။ ကျွန်တော့်ဆက် Tag ဖို့လူကတော့ မရှိပါဘူး။

မှတ်ချက်။ အထက်ပါ(၁ဝ)ချက်မှာ လတ်တလောဘဝရဲ့ ထင်မြင်ယူဆချက်တွေသာ ဖြစ်ပါသည်။ နောင်အခါ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါသည်။ (၁ဝ)ချက်ထက်ပိုပြီး အဓိက ပြောချင်နေတာတစ်ခု ကျန်နေပါသေးသည်။ လတ်တလော သာသနာပြု ရဟန်းခံလိုစိတ်က အရမ်းပြင်းပြနေသော်လည်း လက်ရှိဘဝ အနေအထားမှာ ဘယ်လိုမှ မဖြစ်နိုင်သောကြောင့် လက်မှိုင်ချကာ ထားရပါသည်။

7 ယောက်ရဲ့ ထင်မြင်ချက်:

Dr Phyo Wai Kyaw said...

စိတ်ဝင်စားတယ် ၆ ကို

အပေါ်က စာပိုဒ်လေးကကောင်းတယ်။
ခင်ညားကလေးလေးနက်နက်ကြီးတွေးတာကိုး

ယောနသံစင်ရော် said...

ကိုတက်လူငယ်ရေ.. ဖတ်ပြီးတော့ပြုံးမိတယ်။ ငါနဲ့တူနေပါလားလို့ " ရေလောင်းမခံရသေးတဲ့ အပျိုကြီးလိုမျိုး ခံစားချက်" " လူတယောက်ကို သဘောရိုးနှင့် ဦးဆုံးရှုမြင်တတ်တဲ့ နံပါတ် ၄ အချက်" "ဘလော့ဂ်ရောဂါကို အခုမှ စတင်ခံစားဖူးခြင်းဆိုသော အချက်" အဲဒါလေးတွေဖတ်ပြီးတော့ ပြုံးမိသွားတယ်။

အိပ်မက်ရှင် said...

အဟား တော်တော်တူပါတယ်ဗျာ .... တက်လူငယ်ရေ
တော်တော်များများပါ ...
အားနည်းချက်၊ လိုအပ်ချက်တွေ အမြန်ပြည့်စုံကုံလုံပြီး ဘ၀မှာ ပျော်ရွှင်ပါစေဗျာ .... ။

ခင်မင်လေးစားစွာဖြင့်

Younggun said...

ကိုတက်လူငယ်ရေ အားမရသေးတဲ့ မကျေနပ်နိုင်သေးတဲ့ ပြသနာကတော့ မကောင်းဘူးထင်တယ်ဗျာ။ ကျနော်လည်း အဲလို ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် အဘမင်းသိင်္ခပြောတာလေး ပြန်တွေးတယ်။ နှင်းဆီဟာ နှင်းဆီလိုပဲနေတယ်။ စံပယ်မဖြစ်ချင်ဘူးတဲ့။ လက်ရှိ ကိုယ့်ဘ၀ကို မကျေနပ်နိုင်ခြင်းဟာလည်း အခံရခက်တဲ့ ဆေးမရှိသလို ဖြစ်နေတဲ့ ဝေဒနာတစ်မျိုးပါပဲ။ ကျနော့်အမြင်ကတော့ ဘ၀ဆိုတာ ဘာကို ရုန်းလို့ ဘာကို ကန်မှာလဲဗျာ။ နေထိုင်ဖြတ်သန်းသွားဖို့ပဲလေ။ ဇင်တရား ဆန်သွားမလားတော့ မသိဘူးဗျာ။ ကျနော် မြင်မိတာပါ။

Anonymous said...

ကိုယ့်ဆရာလဲ အတွေးအခေါ်လေးတွေ ဘယ်ဆိုးလို့လဲဗျ
ကောင်းတယ်ဗျ။ ဟုတ်တယ် လူဆိုတဲ့အမျိုးက ကိုယ့်ကို
ကိုယ်ချစ်ကြတဲ့သူချည်းပဲ မုန်းတယ်ဆိုတာမရှိဘူး
ရှိတော့ရှိတယ် သူတို့တွေက ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့သူတွေလေ။ဟုတ်ဘူးလား
ကိုယ့်ကိုကိုယ်မုန်းနေမှတော့ သတ်သေဖို့ပဲရှိတော့တယ်လေဗျာ

Unknown said...

ရာနှူန်းပြည့်နီးပါးတူညီပါတယ်.....
ကျွန်တော်တို့ဒီအချိန်မှာ...
နံပါတ် ၁ အချက်ကို....
အဓိက ပစ်မှတ်ထားပြီး....
အောင်မြင်မှူရရှိအောင်...
လုပ်ဆောင်သင့်တယ် လို့..
ထင်မြင်ယူဆမိပါကြောင်း....

ငှက်ငယ်လေး said...

လာလည်သွားတယ်နော်....နေသိပ်မကောင်းလို့ မရောက်ဖြစ်တာ...tag လေးရေးပေးတဲ့အတွက် ကျေးကျေးနော်....။