Myanmar Font Converter

မိမိစက်ထဲမှာရှိနေတဲ့ ဇော်ဂျီဖောင့်(သို့မဟုတ်) အခြားဖောင့် ဝင်းအင်းဝဖောင့် ဖြစ်စေ၊ မြန်မာသရီးဖောင့်ဖြစ်စေ အလွယ်တကူပြောင်းလဲလို့ ရနိုင်တဲ့ ဖောင့်ကွန့်ဗာတာလေးနှစ်ခု ဖြစ်ပါတယ်။ ပြောင်းလို့ရနိုင်တဲ့ ဖောင့်အမျိုးအစားတွေကို သိချင်ရင် ဖောင့်ကွန့်ဗာတာမှာပါတဲ့ ဘယ်ညာနှစ်ဖက်စီက ဖောင့်အညွှန်းတွေကို မောက်စ်နဲ့ကလစ်ထောက်ပြီး ကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုသတိပြုရမှာက ဇော်ဂျီကနေ ဝင်းအင်းဝပြောင်းချင်တယ်ဆိုပါစို့။ ဇော်ဂျီတော့ရှိပါရက်နဲ့ ဝင်းအင်းဝဖောင့် မရှိရင် မိမိပြောင်းလိုက်တဲ့ ၀င်းအင်း၀ဖောင့်က စာတွေမြင်ရလိမ့်မည်မဟုတ်ပါ။ ဒီ့အတွက် ဖောင့်အမျိုးအစားတွေ ရယူထားဖို့ လိုအပ်ပါသည်။

ဖောင့်ကွန့်ဗာတာအတွက် ကနောင် ဆော့ဖ်ဝဲလေးကို ဒီနေရာမှာ ဒေါင်းလုပ်ချပါ။ ပြီးတာနဲ့ zip file ကိုဖွင့်ပြီး အသင့်အသုံးပြုနိုင်ပါပြီ။ ဖိုင်ဆိုဒ်က မကြီးတာကြောင့်မို့ install လုပ်ပေးစရာလဲမလိုပါ။ မိမိစက်ထဲက Desktop ပေါ်တင််ထားပြီး လိုအပ်တဲ့အခါတိုင်း ဖွင့်သုံးသွားရုံပါပဲ။ လုပ်နည်းဟန်လေးတွေကို အောက်မှာ ပုံများနှင့်တကွ ရှင်းလင်း ပြသထားပါတယ်။

ဒေါင်းလုပ်ချပြီးသား ကနောင်ဆော့ဖ်ဝဲလ် zip file ကိုစဖွင့်လိုက်တဲ့ပုံပါ။



ပြီးတာနဲ့ Install လုပ်စရာမလိုပဲ အလွယ်တကူ ဖွင့်ပြီး အသုံးပြုရုံပါပဲ။



ဒါကတော့ အသုံးပြုရမယ့် အမျိုးအစားတွေကို select ချယ်ပြထားတဲ့ပုံပါ။



အလွယ်တကူ အသုံးပြုဖို့အတွက် ကွန်ဗာ့တာ (၃)မျိုးအား Desktop အပေါ်မှာ ဆွဲတင်ထားလိုက်ပါတယ်။



converter.exe ကိုဖွင့်ပြီး တိုက်ရိုက် စာရိုက်ကာ အခုလို အလွယ်တကူ ဖောင့်ပြောင်းလဲ အသုံးပြုသွားနိုင်ပါတယ်။




Kanaung Converter C++.exe ကတော့ ကွန်ဗာ့ဖောင့် တော်တော်စုံတယ်။ သုံးလို့ကောင်းတယ်။ နမူနာပုံစံ ဇော်ဂျီ၀မ်းဖောင့်မှ ယူနီကုဒ်အမျိုးအစား မြန်မာ-၃သို့ ပြောင်းထားပါတယ်။





မိမိလိုအပ်ရာ ဖောင့်တွေကို အလွယ်တကူ ပြောင်းလဲရင်း အဆင်ပြေချောမွှေ့စွာ ဆက်လက် ဘလော့ဂ်ဂင်းနိုင်ကြပါစေ။

ဆက်ဖတ်ကြည့်မယ်......

လေ့လာမိသမျှ မြန်မာယူနီကုဒ် အကြောင်း တစေ့တစောင်း (၄)

မြန်မာယူနီကုဒ်နဲ့ ဇော်ဂျီဖောင့်ကို အဆင်ပြေပြေ တွဲသုံးနိုင်ရေးအတွက် လိုအပ်တဲ့ အခြေခံ လုပ်ဆောင်မည့် အဆင့်တွေဖြစ်ပါတယ်။

ဇော်ဂျီယူနီကုဒ် နောက်ဆုံး ဗားရှင်းကို ဒီနေရာမှာ သွားပြီး ဒေါင်းလုပ်ချပါ။

အဆင့်ဆင့် Next ဆိုပြီး ကလစ်ပေးလိုက်ပါ။


နောက်ဆုံး Finish နှိပ်လိုက်ပါ။


အင်စတော လုပ်အပြီး ကွန်ပြူတာကို restart လုပ်မှာလား၊ restart မလုပ်ဘဲ ဒီအတိုင်း ထားမှာလားလို့ မေးလာပါတယ်။ ကိုယ်ပိုင် ကွန်ပြူတာရှိသူတွေ အတွက်တော့ restart လုပ်လည်း ဘာမှ ပြသနာမရှိပါဘူး။ စက်ပြန်ဖွင့်တဲ့အခါ အင်စတော လုပ်ပြီးသားက သူ့အတိုင်း ရှိနေမှာကိုး။ နိုင်ငံခြားက အင်တာနက်ဆိုင်တွေမှာတော့ ဒီလိုလုပ်လို့ မရဘူး။ restart လုပ်တာနဲ့ ဖျက်ပြီးသားဆိုတော့ ကျွန်တော်ကတော့ restart မလုပ်ဘဲ cancel ကိုပဲ ရွေးချယ်ပေးလိုက်တယ်။



မီးလျှံမြေးခွေး (ခေါ်) Mozilla Firefox ကိုဒေါင်းလုပ်ချ အင်စတော လုပ်ပြီးတာနဲ့ Firefox ဝင်းဒိုး က သူ့အလိုလို တက်လာပါလိမ့်မယ်။ အပေါ် menu ဘားတန်းတွေထဲက Tools Menu ကို Left Click တစ်ချက်နှိပ်ပြီး Options ရွေးပါတယ်။

Content ကို ထပ်ရွေးပါ။

Default Font မှာ ညာဘက် မြှားလေးကို ရွှေ့ပြီး myanmar 3 ကိုရွေးလိုက်ပါတယ်။


ပြီးတာနဲ့ ညာဘက်က Advanced ထဲကိုဝင်လိုက်ပါ။

အောက်မှာ ပြထားတဲ့အတိုင်း Serif, Sans- serif, Monospace တွေမှာ အစဉ်လိုက် Myanmar 3, Zawgyi-One, Zawgyi-One ရွေးချယ်ထားလိုက်တယ်။

အောက်က Default Character Encoding မှာ Unicode (UTF - 8) ကိုရွေးချယ်ပေးပါ။


အားလုံး ပြီးတာနဲ့ Ok အဆင့်ဆင့်ပေးပြီ ထွက်လိုက်ပါတယ်။





အထက်ပါ အဆင့်တွေ လုပ်ဆောင်ပြီးတဲ့နောက် အောက်မှာ ပြထားတဲ့ ပုံတွေအတိုင်း ဇော်ဂျီနဲ့ ယူနီကုဒ် နှစ်မျိုးစလုံးကို အဆင်ပြေပြေ အသုံးနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။




ဆက်ဖတ်ကြည့်မယ်......

လေ့လာမိသမျှ မြန်မာယူနီကုဒ် အကြောင်း တစေ့တစောင်း (၃)

ဒေါင်းလုပ်ချထားတဲ့ မြန်မာ-၃ zip file ကို အရင်ဖြေလိုက်ပါတယ်။


တတိယမြောက် မှာ မောစ်နဲ့ ကလစ်ထောက်ထားတဲ့ မြန်မာသရီးဖောင့်အား Control Panel ရှိ Font Folder အတွင်းသို့ ထည့်သွင်းရန် ယာယီ Desktop ပေါ် Draf ဆွဲကူးထားလိုက်ပါတယ်။


Start > control panel > Font ကို အဆင့်ဆင့်ဖွင့်လိုက်ပြီး Desktop ပေါ်က မြန်မာ-၃ ဖောင့်ကို မောက်စ်နဲ့ Draf ဆွဲကူးလိုက်ပါ။ ဒီလိုမှမဟုတ်လဲ zip file ပေါ်မှာ မြန်မာ-၃ကို ညာဘက်ကလစ်နှိပ်ပြီး အင်စတောဖောင့် လုပ်ပြီး Ran နိုင်ပါသေးတယ်။ ကျွန်တော်ကတော့ နက်ဆိုင်မှာ အဆင်ပြေသလို လုပ်ရတယ်။


Font Folder ထဲ ကော်ပီကူးပြီး ရောက်သွားတဲ့ပုံလေးပါ။




မြန်မာ-၃ ဖောင့်ကို အဆင်ပြေပြေ ဖတ်ရှုနိုင်ဖို့ အတွက် မီးလျှံမြေခွေးခေါ် Mozilla Firefox Browser တစ်ခု ရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒီ့အတွက် ဒီနေရာကနေ ကြိုက်နှစ်သက်ရာ version တစ်ခုကို ရွေးပြီး ဒေါင်းလုပ်ချလိုက်ပါ။ ကျွန်တော်ကတော့ ဒါလေးပဲ သင့်တော်မယ်ထင်လို့ ယူလိုက်တယ်။ ပြီးတာနဲ့ Next အဆင့်ဆင့်ပေးပြီး နောက်ဆုံး Finish ပေးလိုက်ရင် ပြီးတာပါပဲ။



မြန်မာ-၃ ကီးဘုတ် လက်ကွက်ကို အင်စတော လုပ်ရန် zip file ကို ပြန်ဖွင့်ပါ။



ဒုတိယမြောက်ရှိ Keyman Free ကိုရွေးပြီး မောက်စ်နဲ့ Double Click နှစ်ချက်ဆက်တိုက် နှိပ်လိုက်တယ်။



ပုံမှာ ပြထားတဲ့အတိုင်း အဆင်ဆင့် Run ပါတယ်။






လေးထောင့်ကွက်နေရာမှာ အမှန်ခြစ်ပေးလိုက်ပါတယ်။



နောက်ဆုံး Finish ပေးလိုက်ရင် Auto Alert Message တစ်ခု ကွန်ပြူတာရဲ့ ညာဘက်အောက်ထောင့်ခြေမှာ ပြလာပါလိမ့်မယ်။



မြန်မာ-၃ zip file ကို ပြန်ဝင်ပြီး ပဥမမြောက်က myanmar3.kmx ကို မောက်စ်နှစ်ချက် ကလစ်နှိပ်ပြီး Run လိုက်ပါသေးတယ်။





တဂ်ဘားမှာ ညာဘက်ကလစ် တစ်ချက်နှိပ် Keyman Configuration ကို ရွေးပြီး အောက်မှာ ပြထားတဲ့အတိုင်း Ctrl - Alt - M ကိုသတ်မှတ် ပေးလိုက်ပါတယ်။ အခြား နှစ်သက်ရာ အတိုကောက် ကီးများလည်း ရွေးချယ်ပေးနိုင်ပါတယ်။




နက်ဆိုင်မှာ ကျွန်တော် အသုံးပြုနေတဲ့ အဓိက ဆော့ဝ်ဝဲ (၃)ခုပါ။ ဒါတွေကြောင့် တက်လူငယ် ဖြစ်လာခဲ့တာပေါ့။ နောင်များမှ ဆက်ရေးသွားပါဦးမယ်။



ဆက်ရန်...

ဆက်ဖတ်ကြည့်မယ်......

လေ့လာမိသမျှ မြန်မာယူနီကုဒ် အကြောင်း တစေ့တစောင်း (၂)

မြန်မာယူနီကုဒ်ဆိုင်ရာ လက်တွေ့ လေ့လာစမ်းသပ်ချက်များ

အင်တာနက်ဆိုင်ကနေ ကြုံသလို သုံးပြီး ဘလော့ဂ်ရေးနေရတဲ့ ကျွန်တော့်အတွက်တော့ တော်တော့်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပါတယ်။ နေရာတိုင်းမှာ အခက်အခဲဆိုတာ ရှိနေတတ်သလို အဲဒီ့အခက်အခဲတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကလည်း ရှိနေတတ်ပြီးသားပါ။ ရအောင် ကြံဖန်ရှာဖွေကြည့်လိုက်တော့ မြန်မာယူနီကုဒ်အတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲများ ဒေါင်းလုပ်ချနိုင်တဲ့ နည်းလမ်းတွေ၊ ဒေါင်းလုပ်ချပြီးသားကို နောက်ထပ် အလွယ်တကူအသုံးပြုဖို့ အိပ်ဆောင် Memory Card ထဲမှာ အဆင်သင့် အမြဲရှိနေအောင် သိမ်းထားသင့်တဲ့ အတွေးတွေပါ ရလာခဲ့တယ်။ အဲဒီ့အတွေးအတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါက မြန်မာယူနီကုဒ်အတွက် ကျွန်တော် ကျော်ဖြတ်ခဲ့တဲ့၊ ပြင်ဆင်ခဲ့ရတဲ့ အချိန်ကာလ၊ အခက်အခဲတွေထဲက ရလာတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ အင်တာနက်ဆိုင်က ကြုံသလို အရေးပေါ် အသုံးပြုနေရသူများအတွက်ပါ ကျွန်တော့်လို မဖြစ်ရအောင် သင်ခန်းစာပြန်ပေးနိုင်ဖို့ နည်းလမ်းတွေ တစ်ခါတည်းရလိုက်တာပေါ့။

ကျွန်တော်အခုလို ရေးပြ ဆွေးနွေးပြနေခြင်းဟာ ကျွန်တော့်ထက် တော်တဲ့ တက်တဲ့ သူတွေကို ရည်ရွယ်ပြီး ထိခိုက်လိုစိတ်နဲ့ ပိုစ့်တင်နေခြင်းမဟုတ်ဘူး ဆိုတာကိုတော့ ကြိုတင် ဝန်ခံပါရစေ။ အင်တာနက်နဲ့ အမြဲ ရင်းနှင်းကျွမ်းဝင်မှု မရှိသေးတဲ့ ကျွန်တော့်အတွက် အမျိုးမျိုး အချိန်ပေးပြီး ခက်ခက်ခဲခဲ လေ့လာခဲ့ပြီးမှ ရလာတဲ့ အသိပညာ၊ နည်းလမ်းလေးတွေကို ဝေမျှလိုတဲ့ ရည်ရွယ်ချက်သာဖြစ်ပါတယ်။ စာဖတ်သူတွေထဲမှာ နားလည်တတ်ကျွမ်းတဲ့ သူတွေ ပါလာခဲ့ရင်လည်း အကြံပြုတဲ့ စာတွေ ရလာနိုင်အောင် ရည်ရွယ်ရေးသားခြင်း ဖြစ်ပါတယ်။

ယူနီကုဒ်အတွက် ပြင်ဆင်ခြင်း ပထမအဆင့်

ဒီနေရာလေးမှာ မြန်မာသရီး ဇင့်ဖိုင်ကို အရင်ဆုံး ဒေါင်းလုပ်ချလိုက်ပါတယ်။ ပြီးတာနဲ့ ဇင့်ဖိုင်ကို ဖြေပါတယ်။ ဇင့်ဖိုင်ကို ဖြေနိုင်တဲ့ ဆော့ဖ်ဝဲကို နောက်ပိုင်းမှ ကိုမှော်ဆရာရဲ့ ဘလော့ဂ်ရောက်တော့ ဒေါင်းလုပ်ဖို့ လင့်လေးရခဲ့ပါတယ်။ ယူနီကုဒ်အတွက် ပိုစုံတဲ့ နေရာလေးတစ်ခုက ဒီဟာလေး ပါ။ အချို့ မြန်မာပြည်က လှမ်းသုံးနေရတော့ ဘလော့ဂ်စပေါ့ ဖွင့်မရဘူးလို့ ပြောတာကြောင့် ပထမလင့် ကတော့ မြန်မာပြည်ကလူတွေ အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။

ကျွန်တော်သုံးနေတဲ့ အင်တာနက်ဆိုင်မှာ ညာဘက်က ခလုပ် (Right Click)နှိပ်ခွင့် မရှိသလို၊ အခြား အပိုင်းတွေလည်း တော်တော်များများ ကန့်သတ်ထားတယ်။ ဒါပေမယ့် တစ်ခါသုံး အင်စတော လုပ်ခွင့်ပေးထားတယ်။ အင်စတောလုပ်ပြီး စက်ပြန်ပိတ်လိုက်တာနဲ့ ရှိသမျှ အကုန်ဖျက်ပြီးသားပဲ။ စောပိုင်းက ဆော့ဖ်ဝဲနဲနဲပဲရှိသေးလို့ မေးလ်ထဲမှာ Draf ဆွဲပြီး ဆေ့ဖ်လုပ်ထားခဲ့ပေမယ့် နောက်ပိုင်း ဒေါင်းလုပ်ချတဲ့ ဆော့ဖ်ဝဲတွေ များလာတော့ Memory Card တွေနဲ့ ထည့်ပြီး သုံးတတ်လာတယ်။ ဘလော့ဂ်ရေးမယ်ကြံတိုင်း လိုအပ်တဲ့ ဆော့ဖ်ဝဲတွေကို ကွန်ပြူတာထဲ အင်စတော ခဏခဏ လုပ်နေရပါများတော့ အချို့ဟာတွေဆို အလွတ်တောင် ရလာတယ်။ နောင်များမှ ဒီအကြောင်းတွေ ဆက်ရေးပါဦးမည်။

ဇင့်ဖိုင်ကို အလွယ်တကူ ဖြေချင်ရင် ဒီနေရာက ဒေါင်းလုပ်ချလိုက်ပါ။ ကျွန်တော်ကတော့ ကြုံသလို ဖြေလိုက်တယ်။ Run လိုက်တယ်။ အဲဒီ့အဆင့်တွေကို နောက်နေ့မှ ပုံတွေနဲ့ ဆက်ပြပါမယ်။ ကိုမှော်ဆရာရဲ့ ဘလော့ဂ်မှာ ဒီကနေ သွားရောက်ဖတ်ရှုရင်လည်း ပြည့်ပြည့်စုံစုံ နည်းလမ်းတွေ ရနိုင်ပါတယ်။

ဆက်ရန်..

ဆက်ဖတ်ကြည့်မယ်......

ဘလော့ဂ်နှင့် ကျွန်တော် တွေးခေါ်ဆင်ခြင်လေသော်

(၂ဝဝ၈)မှ (၂ဝဝ၉)ခုနှစ်သစ်သို့ အကူးအပြောင်းမှာ ဟိုမရောက်ဒီမရောက် ပိုစ့်(၃ဝ)ရေးခဲ့ပြီးလို့ ကိုယ့်ကိုယ်ကို ဘလော့ဂ်ဂါတစ်ယောက်တော့ ဖြစ်လောက်ပြီဟု ခံယူထားလိုက်ပါသည်။ စိတ်ထဲမှာ ဘလော့ဂ်ရေးနေရခြင်း အကြောင်းအရင်း ကိုလည်း အမြဲတမ်းပြန်လည်ဆန်းစစ် ကြည့်နေရသည်။ ရှေ့နောက်အကျိုးအကြောင်း ဆီလျော်မှု ရှိ၏၊ မရှိ၏ ဘယ်လိုယုံကြည်ချက်နဲ့ ခက်ယူချက်ကြောင့်ရေးနေရခြင်းဖြစ်သနည်း?။ ကိုယ့် အတွက်ရော ဘယ်လိုအကျိုးမျိုးတွေ ဖြစ်ထွန်းလာခဲ့သလဲ..?။ လာဖတ်တဲ့သူတွေကရော ကိုယ်ရေးတဲ့ စာတွေကို နှစ်ခြိုက်သဘောကျ လက်ခံပါ့မလား..?။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုအပေါ်တွင် ကောင်း၏၊ ဆိုး၏ ဆိုတာကိုတော့ သုံးသပ်ရ၏။ ထိုကဲ့သို့သော လား..? ပေါင်းများစွာ..လဲ..? ပေါင်းများစွာသော မေးခွန်း တွေကြောင့် ဘလော့ဂ်နှင့် ကျွန်တော် တွေးခေါ်ဆင်ခြင်လေသော် ပိုစ့်အသစ်တစ်ခုဖြစ်လာခဲ့ပါတော့သည်။

ကျွန်တော်၏ ဘလော့ဂ်ရေးခြင်းသက်တမ်းမှာ နုနည်သေးသော်လည်း ထိုက်သင့်သလောက် အတွေ့အကြုံ များစွားကိုတော့ (၃)လတာခရီး လျှောက်လှမ်းအပြီး ဘလော့ဂ်ဂါဘဝမှာ ရရှိခဲ့ပါသည်။ ထိုအတွေ့အကြုံများထဲမှ လက်တွေ့ကျကျ နားလည်သဘောပေါက်လာခဲ့သော အသိပညာလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါသည်။ ဘဝအခြေအနေ အကြောင်းအမျိုးမျိုးကြားမှ အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း ပြည်းတွင်းပြည်ပ နိုင်ငံတစ်ကာပေါင်းစုံနေ၍ စာရေးနေကြတဲ့ မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ကြုံတွေ့ သိမြင်ခဲ့ရတာလေးတွေ ဖြစ်ပါသည်။ (စာရေးတဲ့ ဘလော့ဂ်ဂါဟုဆိုရာတွင် မြန်မာစာပေကို ညစ်ငြမ်းစေသော၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အကြောင်းအရာများ၊ လူပုဂ္ဂိုလ် တစ်ဦးနှင့်တစ်ဦး အကျိုးမရှိ အပြန်အလှန်တိုက်ခိုက်သော၊ လိဒ်ကိစ္စအကြောင်းအရာများ ရေးနေကြတဲ့သူများကို စာရေးသူ ဘလော့ဂ်ဂါဟု မသတ်မှတ်လိုပါ။)

ဘလော့ဂ်ဂါတစ်ယောက်မဖြစ်သေးခင်မှာ အခြားဘလော့ဂ်တွေကို လေ့လာရင်း သူတို့တွေကို အတုခိုးအားကျမိလာတတ်ရာမှ ဘလော့ဂ်ရေးချင်စိတ်ပေါက်လာတတ်သလို၊ မိမိကိုယ်တိုင်ကိုက စာရေးခြင်းဝါသနာထုံနေသည့်အပြင် ကွန်ပြူတာ၊ အင်တာနက်နှင့်လည်း အတော်အသင့် ရင်းနှီးကျွမ်းဝင်မှု စတဲ့အခြေခံအရည်အချင်းတွေရှိပါမှ ဖြစ်လာနိုင်ပေမည်။ အဓိကအချက်ကတော့ စာရေးခြင်းသည် အနုပညာတစ်ခုသဖွယ်သည့်အလျှောက် ဝါသနာထုံတဲ့စိတ်ရှိပါမှ ဘလော့ဂ်ဂါတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်ပေမည်။

တစ်ချို့ကတော့ အချစ်ကြောင့် အသဲကစားရင်း စိတ်လှုပ်ရှားစပြုကာ ကိုယ်တိုင်ကလည်း စာရေးချင်တဲ့စိတ် ဗီဇဓါတ်ခံလေးရှိနေတော့ နှလုံးသားထဲက မနေနိုင် မထိုင်နိုင် ပွင့်ထွက်လာတဲ့ ကဗျာတွေ၊ စာတွေကို ဘလော့ဂ်ထဲမှာ ပုံချရင်း ကဗျာဆရာတွေ၊ အလင်္ကာဆရာတွေတောင် ဖြစ်လာကုန်ကြသည်။ တစ်ချို့ကတော့ အချစ်ကြောင့် အသဲကွဲရင်းမှ ကဗျာတွေ၊ စာတွေပွင့်ထွက်လာရင်း ဘလော့ဂ်ဂါ ဖြစ်လာခဲ့ပုံရပါသည်။ ရေးရင်းရေးရင်း ခံစားချက်တွေ ကောင်းလာသလို ကဗျာတွေ၊ စာတွေဟာလည်း ပြောင်မြောက်လာကြသည်။

တစ်ချို့ကတော့ နိုင်ငံရေးစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်ပြင်းထန်လာသဖြင့် မြန်မာအစိုးရ၏ နေ့စဉ်ထုတ် တရားဝင် သတင်းစာမျက်နှာပေါ်တွင် မပါရှိသော သူတို့ရဲ့ရင်ထဲက အမှန်တရားတွေကို လွတ်လပ်သော ဘလော့ဂ်အပေါ်မှာ နေ့စဉ်နှင့်အမျှ စေတနာဗလပွနှင့် ဖော်ကြူးပြသခဲ့ကြလေသည်။

တစ်ချို့ကတော့ ဘဝမှာမှာတွေ့ကြုံခဲ့ရပုံတွေကို ဒိုင်ယာရီအလား ဘလော့ဂ်မှာ ရေးထားကြလေသည်။ ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်ခံစားချက်တွေကို ဘလော့ဂ်မှာ ပုံချကြသည်။ မိမိကိုယ်တိုင်လည်း လုပ်ခဲ့ဖူးပါသည်။ အပြန်အလှန်ဖတ်ပေးကြတဲ့ ဘလော့ဂ်ဂါတွေရဲ့ အားပေးနှစ်သိမ့်မှုတွေကြောင့်၊ စကားလက်ဆောင်တွေကြောင့် လန်းဆန်းတက်ကြွခဲ့သလို၊ အားတက်သရောလည်း ဆက်ရေးဖြစ်ခဲ့မိပါသည်။ တစ်ကယ်တော့ ဘလော့ဂ်ရေးခြင်းဟာလည်း ဘဝဒိုင်ယာရီ စာမျက်နှာအပိုင်းအစ တစ်ခုဖြစ်ပါသည်။ ဘဝစာမျက်နှာအပြည့် ဘလော့ဂ်မှာ ဆက်ရေးသွားမယ်ဆိုရင်တောင် ရနိုင်ပါသည်။

တစ်ချို့ကတော့ ဗုဒ္ဓဘုရား၏ တရားဓမ္မတော်ဆိုင်ရာများ ရေးသားကြပြီး လောကမှာ အေးချမ်းစွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ရှိနေစေချင်သော ဘလော့ဂ်ဂါများဖြစ်ကြသည်။ တစ်ချို့ကတော့ ဗေဒင်အတတ်ပညာ ဆည်းပူးလေ့လာထားသမျှတွေကို ရေးနေကြပြီး အပြင်မှာတောင် ဟောစားလို့ရလောက် ကောင်းတဲ့ စေတနာရှင် ဘလော့ဂ်ဂါများဖြစ်ကြလေသည်။

တစ်ချို့ကတော့ ဘဝဒဿနတွေကို ဘလော့ဂ်မှာ ရေးပြကြသည်။ နည်းပညာဆိုင်ရာဗဟုသုတွေကို ပြန်လည်ဝေငှပေးကြသည်။ တစ်ချို့ဘလော့ဂ်များဟာဆိုရင် စွယ်စုံကျော်ထင်လောက်အောင် အရေးအသား၊ အကြောင်းအရာကော၊ ဗဟုသုတကော အဘက်ဘက်က ပြည့်စုံကောင်းမွန် နေကြ လေသည်။

တစ်ချို့လည်း အဝင်တော့ ကောင်းပြီး ဘဝအခြေအနေ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊ မိမိကိုယ်တိုင်က စိတ်မပါတော့လို့ဖြစ်စေ တစ်ဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားတတ်ကြပြန်သည်။ အမှန်တရားဖော်ထုတ်တဲ့ ဘလော့ဂ်ဂါတစ်ယောက် ဆုံးရှုံးသွားရခြင်းအတွက် နှမြောဖို့ကောင်းပါသည်။ မိမိကိုယ်တိုင်ကလည်း ဘဝအနေအကြောင်းအရင်း အမျိုးမျိုးကြောင့် ရံဖန်ရံခါ ဘလော့ဂ်ကို ပိတ်ပြီး တိတ်တဆိတ် ကျောခိုင်းနှုတ်ဆက်ထွက်ခွာသွားဖို့ အကြိမ်ကြိမ် စိတ်ကူးမိခဲ့ဖူးပါသည်။ သို့ပေမယ့် စာရေးခြင်းအစ ဘဝမှတ်တိုင်ဖြစ်တဲ့ ဤဘလော့ဂ်လေးကို မစွန့်ခွာရက်ခဲ့ပါ။ ကိုယ့်လိုဖြစ်နေသူများကို တွေ့ရင်လည်း ခံစားချက်ခြင်းတူစွာ စာနာ နားလည်မိပြီး အားပေးခဲ့စမြဲပါ။

ဤကဲ့သို့ ဝါသနာရှင်အမျိုးမျိုးရဲ့ နှလုံးသားမှ ဖြစ်တည်အရင်းခံထားတဲ့ စေတနာရှင် ဘလော့ဂ်များစွာ ပေါ်ထွန်းလာခဲ့ကြလေသည်။ ဘလော့ဂ်တွေပေါ်လာမှ စာအရေးအသားကောင်းတဲ့ ရွက်ပုန်းသီးလေးတွေရှိမှန်း သိလာရတယ်လို့ နာမည်ကြီး ဘလောဂ့်ဂါတစ်ဦးက သုံးသပ်ထားပါသည်။ အမှန်တစ်ကယ်လည်း ဟုတ်သည်။ ဘဝအခြေအနေ အကြောင်းအရင်း အမျိုးမျိုးကြောင့် စာရေးဆရာ/ဆရာမတွေ မဖြစ်လာဘဲ အခကြေးငွေယူပြီး စာရေးမစားကြရုံတစ်မယ် အရေးအသား ကောင်းမွန်တဲ့ ဝါသနာရှင် ဘလော့ဂ်ဂါတွေကို တွေ့နေမြင်နေရသည်။ လောကကြီးရဲ့ဘယ်နေရာမှာမှ ရှာလို့မတွေ့နိုင်တဲ့ အမှန်တရားစစ်စစ်တွေကို ဘလော့ဂ်လောကမှာတင် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။ ထိုကဲ့သို့ ဘလော့ဂ်အမျိုးအစားပေါင်း စုံလင်လှသော ဘလော့ဂ်ဂါရပ်ဝန်းမှာ သူတို့တွေ ဘာအတွက်ကြောင့် ဆက်လက်ရပ်တည်နေကြတာလဲ..?။ မြန်မာပြည်က စာ၊ နယ်၊ ဇင်းတွေမှာ ရေးကြသူများလို စာမူခလည်းရသည်မဟုတ်။ တစ်စုံတစ်ရာ အကျိုးခံစားခွင့်များလည်း ရသည်မဟုတ်။ ဘလော့ဂ်ဂါတွေရဲ့ရပ်တည်ချက်တွေကို စဉ်းစားကြည့်လိုက်တော့ အဖြေကရှင်းရှင်းလေးပါ။

၁။ မိမိတို့ ယုံကြည်ချက်၊ ခံယူချက်၊ ဘဝရပ်တည်ချက်အမြင်နှင့် ဝါသနာအလျှောက် စာရေးချင်စိတ်ရှိတဲ့ ဘလော့ဂ်ဂါတွေဖြစ်ကြပါသည်။

၂။ မိမိဘဝတစ်လျှောက် လေ့လာခဲ့သမျှ အသိပညာ၊ ဗဟုသုတ၊ အတွေးအမြင်ရသတွေကို ဝေငှ ဖော်ထုတ်ချင်သော စိတ်ရှိတဲ့ ဘလော့ဂ်ဂါတွေကြပါသည်။

၃။ တစ်ဦးနှင့်တစ်ဦး အတွေးအမြင်တွေ ဖလှယ်ကြရင်း ကောင်းကျိုးများစွာ ပေါ်ထွန်းလာစေချင်တဲ့ ရည်ရွယ်ချက်ရှိတဲ့ ဘလော့ဂ်ဂါတွေဖြစ်ကြပါသည်။

၎။ ထိုအခြေအနေမျိုးကြားမှ မိမိတို့ အချိန်ကုန်ခံလုပ်ခဲ့သမျှ ရရှိလာတဲ့ အကျိုးကျေးဇူးမှာ စာဖတ်သူ၏ အသိအမှန်ပြုတဲ့ စာစကား မှတ်ချက်လေးတွေပင် ဖြစ်ပါသည်။ ဘာနဲ့မှ လဲလို့မရတဲ့ အဖိုးတန် စာမူခတွေပါပဲ။

မည်သို့ဆိုစေ ကျွန်တော်တို့တွေ အတူတကွ လက်တွဲကာ စည်းလုံးညီညာပြီးတော့ ဟိုးအဝေးမှ မှုံရီမှုံဝါး ဆုံမှတ်တိုင်တစ်ခုဆီသို့ အရောက်လျှောက်လှမ်း သွားကြရအောင်ပါ။

ဆက်ဖတ်ကြည့်မယ်......

ဘဝ ပရိုဂရမ်နဲ့ ဆက်တက်ဦးမယ့် တက်လူငယ်

ကျွန်တော့်အတွက်တော့ ဒီဇင်ဘာလဟာ အများတကာလို ပျော်ရွှင်ကြည်နူးစွာနဲ့ လာမည့် နှစ်သစ်ကို ကြိုဆိုရမည့်အစား တသသဖြင့် လွမ်းမောဆို့နင့်စွာနဲ့ပဲ ကြိုဆိုလိုက်ချင်တော့တယ်။ ဒီဇင်ဘာလကုန်ရင် အလုပ်က အပြောင်းအလဲရှိနိုင်သလို ကောင်းချင်လည်း ကောင်းသွားမည်။ ဘယ်လိုမှ အတိအကျ ခန့်မှန်းလို့ မရတဲ့ လက်ရှိ ဘဝအနေအထားမှာ ရင်ထဲကခံစားချက်တွေကို ဖွင့်ထုတ်ပစ်ဖို့ရာ ဘလော့ဂ်မှာ ခဏခဏ သယ်လာမိခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ ဘလော့ဂ်လေးရဲ့ နှလုံးခုန်သံနဲ့ ရှင်သန်မှုလေး ရပ်တန့်မသွားအောင် ထိန်းပေးနေရချိန်မှာ ထွက်ချည်ဝင်ချည် အသက်ရှုသွင်းနေရတဲ့ ဆန့်တငင်ငင်နဲ့ ဘလောဂ်ဂါ တစ်ယောက်လို ဖြစ်နေပါပြီ။

လက်ရှိကျွန်တော်နေထိုင်ရာ ပါတ်ဝန်းကျင်မှာ ခရစ်စမတ် ပွဲတော်အတွက် အသင့်ပြင်ဆင်နေကြတဲ့ ရွယ်တူလူငယ်လေးတွေ တက်ကြွစွာလှုပ်ရှားနေကြတာတွေ့ရတော့ သူတို့ကြည့်ပြီး ကိုယ်က တစ်ယောက်တည်း ကြိတ်ကာ အဖော်မဲ့ အထီးကျန်ဆန်နေသလို ခံစားမိရပါသည်။ အနီရောင်စင်းကြား သိုးမွှေးခေါင်းစွပ်အရှည်ကြီးကို ဆောင်းလိုက်၊ ချွတ်လိုက် လုပ်ရင်း သူတို့အချင်းချင်း ပျော်ပျော်ရွှင်ရွှင် စနောက်နေကြလေရဲ့။ ကောင်လေးနဲ့ ကောင်မလေးတွေက လက်တွဲလို့ အတူနွှဲကာ ဒီဇင်ဘာပွဲမှာ ပျော်ပွဲဝင်ဖို့ ကြိုတင်ကာပြင်ဆင်နေကြလေရဲ့။ ကိုယ်ကတော့ အဲ့ဒီ့အချိန်မှာ အစီအစဉ်မကျနသေးတဲ့ ဘဝပရိုဂရမ် တစ်ပုဒ်ကို ကောင်းအောင်ကြိတ်မှိတ်ရေးဆွဲနေရတုန်း။ သက်ပြင်းတစ်ချက် အသာချလေး ချလိုက်ပြီး '' သူတို့ဘဝကို အားကျလို့ကော မင်းအတွက် ဘာဖြစ်လာမှာလဲ..? ကိုယ့်ဘဝပရိုဂရမ်ကို ကိုယ့်ဖာသာ ကောင်းအောင် ရေးဆွဲနေရာမှာ၊ ဘယ်သူမှ လာကူဆွဲမပေးဘူး၊ မင်းအဲ့ဒါကို သလေဘောပေါက်လား..? '' လို့ ကိုယ့်ကိုယ်ကို ပြန်မေးရင်း ပီပြင်တဲ့ဘဝတစ်ခုဖြစ်လာဖို့ အတွက် ရှေ့ဆက်လျှောက်ဖို့ အားတင်း ထားလိုက်မိတယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ ကျွန်တော့် နှုတ်ခမ်း တစ်စုံဟာ အလိုလို ကွေးညွှတ်သွားပြီး မချိပြုံးလေး တစ်ချက် ပြုံးလိုက်မိပါတယ်။ '' ရေရေရာရာ မရှိတဲ့ဘဝမှာ လှောင်ရယ်စရာ လောက သဘောသဘာဝတွေ အကြားထဲက ဖြစ်ချင်သလိုဖြစ်နေတဲ့ ဘဝပရိုဂရမ် တစ်ပုဒ်ပါလား '' လို့ပေါ့လေ။

လွန်ခဲ့သော အတိတ်ရှိ ဆယ်စုနှစ်(၂)ခုစာကျော်ထဲမှာ ရေးဆွဲထားခဲ့တဲ့ ဘဝပရိုဂရမ်ကို စိတ်ကူးနဲ့ လှမ်း check နေမိပြန်တယ်။ ဝိုးတိုးဝါးတားဖြင့် ဘာမှကို အားရစရာ မရှိလှ။ အပီအပြင်လုပ်ဆောင်နိုင်ခဲ့တာ တစ်ခုမှ မရှိသေးဘူးလို့ထင်တယ်။ ခံစားချက်ချင်းက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ တစ်နေ့က ကိုအိမ် ဘလော့ဂ်ဆီ ရောက်သွားတုန်း ဟိုမရောက်ဒီမရောက် ကျွန်တော် ဆိုတဲ့ပိုစ့်ကို ဖတ်လိုက်ရာတာ သူလည်း ကျွန်တော့်ဘဝ ပုံစံနဲ့ ခပ်ဆင်ဆင်ဖြစ်နေတယ်။ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်သည့် အကျင့်ကြောင့် ကျွန်တော်လည်း ဟိုတစ်တို့ ဒီတစ်တို့ ပညာလေးတွေ မတောက်တစ်ခေါက်လောက်တော့ စုဆောင်းမိခဲ့ပါသည်။ အွန်လိုင်းမှာ မိတ်ဆွေဘလော့ဂ်ဂါ တစ်ယောက် ပြောဖူးတဲ့ စကားလေးတစ်ခွန်းကို သွားပြီး အမှတ်ရမိတော့ ကိုယ့်ကိုယ်ကို အားမငယ်ချင်တော့ပါ။ '' ဘယ်အရာမဆို basics ဆိုတဲ့ အခြေခံတွေ ရှိနေဖို့ပဲလိုတယ် '' တဲ့။ သဘာဝကျကျ တွေးခေါ်ကြည့်လိုက်တော့ ဟုတ်နေသည်။ ငယ်စဉ်က ဖတ်းခဲ့ဖူးတဲ့ ပီမိုးနင်း စာအုပ်ထဲက '' တိုက်တစ်လုံးဟာ ဘယ်လောက်ပဲ အထပ်တွေများအောင် ဆောက်နေပါစေ အောက်ခြေမခိုင်ရင် (စံချိန်မမှီရင်) ပြိကျသွားမှာပဲ '' ဆိုတဲ့ စာလေးတစ်ကြောင်းကို သွားပြီးအမှတ်ရမိတယ်။ ဘယ်အရာမဆို အခြေခံရှိရုံမျှမက အဲ့ဒီ့အချိန်ခံကို စတည်ကတည်းက ကောင်းအောင် တည်ဆောက်ထားခဲ့ဖို့လိုအပ်တယ်။ '' ငါရော အခြေခံတွေ ကောင်းနေပြီလား ? '' ကိုယ့်ဖာသာ ပြန်မေးကြည့်လိုက်တော့ '' လိုအပ်ပါသေးတယ် '' ဆိုတဲ့ အဖြေပဲ ထွက်လာတယ်။

တစ်ခါတစ်ရံဘဝမှာ လုပ်ချင်တာတွေက သိပ်များလွန်းပြီး မဖြစ်လာသေးတာတွေ အတွက် အလိုမကျဖြစ်နေမိပြန်တယ်။ ဒါပေမယ့် ဘဝဆိုတဲ့ တောင်တက်လမ်းမှာ သက်လုံမကောင်း မောပြီးလက်လျှော့ ကျန်ရစ်နေခဲ့ လူတွေကလည်း အောက်မှာ မနည်းဘူး။ အထက်ကို မော့ကြည့်လိုက်ပြန်တော့လည်း ကိုယ့်ထက် ဇွဲကောင်းတဲ့၊ လုံ့လဝီရိယရှိကောင်းတဲ့ သူတွေ တစ်ချို့က အောင်လံတောင် လွှင့်ထူနေကြပြီ။ ကိုယ့်နဘေးနားမှာလည်း ဇွဲကောင်းကောင်းနဲ့ ဆက်တက်နေကြတဲ့ လူတွေကို တွေ့ရပြန်တယ်။ '' သြော်..ဒီလိုပါပဲလား '' လို့ သဘာဝကျကျ တွေးကြည့်ရင်း ပြုံးမိသေးတယ်။ ထူးထူးခြားခြား တစ်ချို့ကျတော့ ဘဝဆိုတဲ့ တောင်ကြီးမှာ အေးမြတဲ့ တရားရိပ်သာ စခန်းကြီးတွေထဲမှာ ရာသက်ပန်ဝင်ပြီး ကျန်နေရစ်ခဲ့တယ်။ သူတို့တွေကို ကြည့်ရသည်မှာ ပကတိ အေးချမ်းတည်ငြိမ် လှပပေတယ်။ ကျွန်တော်ကတော့ မောချင်မောပါစေ ရှေ့ဆက်တက်ရင် ဘာတွေ ဖြစ်လာဦးမလဲဆိုတာ သိချင်တဲ့အတွက် ဆက်တက်ဦးမည်။ ကိုယ့်နဘေးနားက အားနွှဲ့တဲ့သူတွေကိုလည်း တတ်နိုင်သလောက် ဖေးမကူညီပြီးလက်တွဲခေါ်နိုင်က ခေါ်သွားမည်။ ဘဝပရိုဂရမ် တစ်ပုဒ်ကို ဆက်ပြီးတော့ ရေးဆွဲကြည့်ချင်သေးသည်။ အဖြေက ဘာတွေ ထွက်လာဦးမလဲ..? ။ အဝေးမှာ မှုန်ရီပျပျမြင်နေ ရတဲ့ ပန်းတိုင်တစ်ခုနဲ့ ဆက်လျှောက်ရမည့် ဘဝလမ်းတစ်လျှောက်ကို လှမ်းမျှော် ကြည့်လိုက်ရင်း '' ဘဝ ပရိုဂရမ်နဲ့ ဆက်တက်ဦးမယ့် တက်လူငယ် '' ပါလားလို့ လေသံတိုးတိုးလေး ရေရွတ်လိုက်တယ်။


နောက်ဆက်တွဲစကား ကျွန်တော် တစ်ကယ်ကို မအားတဲ့ ကြားထဲက အလုအယက်အချိန်ယူပြီး ရေးလိုက်တဲ့ ပိုစ့်ပါ။ အင်တာနက် ပုံမှန်သုံးရဖို့ အခြေအနေတွေ ကလည်း ပေးမလာတော့ဘူး။ ဒီကြားထဲကမှ အိပ်ရေးပျက် ခံပြီး တင်လိုက်တဲ့ ပိုစ့်လေးပါ။ စီဘောက်မှာ လာနှုတ်ဆက်ကြတဲ့သူတွေကို တက်လူငယ် ပြန်လာပြီးတော့ မနှုတ်ဆက်နိုင်ခဲ့ရင်လည်း ခွှင့်လွှတ်ပေးကြပါ။

ဆက်ဖတ်ကြည့်မယ်......

ဂုဏ်ပြုရေးဖွဲ့ကဗျာ

ပေးဆပ်သူတို့ နှလုံးသားများ

ပြက္ခဒိန်ဟောင်း ရက်တွေပြောင်းနေ
ကျော်လွန်ဖြတ်သန်း ဘဝလမ်းတွေ
နာရီစက္ကန့် မိနစ်ဝက်မှ
တစ်ရက်မှသည် တစ်ပါတ်ဆီထိ
ရာသီတွေသာ အလီလီပြောင်း
ကုန်လွန်မှုပေါင်း အကြိမ်ထောင်သောင်း
ရှိခဲ့လေပြီ အတိတ်ဆီတွင်...

စိတ်အစဉ်သည် တရွေ့ရွေ့လှိမ့်
အတိတ်ကိုခေါက် နောက်ပြန်လျှောက်ကြည့်
မမြင်သော်လည်း စိတ်ကူးထဲမှာ
ပုံဖော်နိုင်သည် အာရုံဆီထိ

နံရံမှကြား စကားများလည်း
ရိုက်ခတ်လာသည် နားအိမ်ဆီတွင်

အမှောင်တွေလွှမ်း ဘဝလမ်းလည်း
လျှောက်ခဲ့ဖူးသည် အတိတ်ဆီတွင်

အသက်သွေးချွေး အစဉ်မနှေးဘဲ
ပေးဆပ်ခဲ့သည် အတိတ်ဆီတွင်

အမြင်ကိုဖျက် သော့တွေခတ်လျက်
သူတို့နှလုံးသား လှောင်ချိုင့်မှာထား
ဆယ်စုနှစ်ရှည် ကြာမြင့်လေအောင်
စတေးခဲ့ပြီး အတိတ်ခရီးတွင်

သူတို့ထားလျက် ယုံကြည်ချက်နဲ့
မျှော်လင့်ထားဆဲ ဘဝထဲမှာ
ကိုယ့်အတွက်ဆိုတာ ဘယ်အရာလဲ..?

သူတို့ကြည့်တာ အနာဂတ်မြန်မာ
သူတို့ပေးဆပ်တာ အနာဂတ်မြန်မာ
သူတို့ပေးအပ်တာ ပြည်သူများအတွက်ပါ
ကိုယ်ကျိုးမဖက် အများအတွက်
ပေးဆပ်သူများ နှလုံးသားပါ။

ဆက်ဖတ်ကြည့်မယ်......