(၂ဝဝ၈)မှ (၂ဝဝ၉)ခုနှစ်သစ်သို့ အကူးအပြောင်းမှာ ဟိုမရောက်ဒီမရောက် ပိုစ့်(၃ဝ)ရေးခဲ့ပြီးလို့ ကိုယ့်ကိုယ်ကို ဘလော့ဂ်ဂါတစ်ယောက်တော့ ဖြစ်လောက်ပြီဟု ခံယူထားလိုက်ပါသည်။ စိတ်ထဲမှာ ဘလော့ဂ်ရေးနေရခြင်း အကြောင်းအရင်း ကိုလည်း အမြဲတမ်းပြန်လည်ဆန်းစစ် ကြည့်နေရသည်။ ရှေ့နောက်အကျိုးအကြောင်း ဆီလျော်မှု ရှိ၏၊ မရှိ၏ ဘယ်လိုယုံကြည်ချက်နဲ့ ခက်ယူချက်ကြောင့်ရေးနေရခြင်းဖြစ်သနည်း?။ ကိုယ့် အတွက်ရော ဘယ်လိုအကျိုးမျိုးတွေ ဖြစ်ထွန်းလာခဲ့သလဲ..?။ လာဖတ်တဲ့သူတွေကရော ကိုယ်ရေးတဲ့ စာတွေကို နှစ်ခြိုက်သဘောကျ လက်ခံပါ့မလား..?။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုအပေါ်တွင် ကောင်း၏၊ ဆိုး၏ ဆိုတာကိုတော့ သုံးသပ်ရ၏။ ထိုကဲ့သို့သော လား..? ပေါင်းများစွာ..လဲ..? ပေါင်းများစွာသော မေးခွန်း တွေကြောင့် ဘလော့ဂ်နှင့် ကျွန်တော် တွေးခေါ်ဆင်ခြင်လေသော် ပိုစ့်အသစ်တစ်ခုဖြစ်လာခဲ့ပါတော့သည်။
ကျွန်တော်၏ ဘလော့ဂ်ရေးခြင်းသက်တမ်းမှာ နုနည်သေးသော်လည်း ထိုက်သင့်သလောက် အတွေ့အကြုံ များစွားကိုတော့ (၃)လတာခရီး လျှောက်လှမ်းအပြီး ဘလော့ဂ်ဂါဘဝမှာ ရရှိခဲ့ပါသည်။ ထိုအတွေ့အကြုံများထဲမှ လက်တွေ့ကျကျ နားလည်သဘောပေါက်လာခဲ့သော အသိပညာလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါသည်။ ဘဝအခြေအနေ အကြောင်းအမျိုးမျိုးကြားမှ အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း ပြည်းတွင်းပြည်ပ နိုင်ငံတစ်ကာပေါင်းစုံနေ၍ စာရေးနေကြတဲ့ မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ကြုံတွေ့ သိမြင်ခဲ့ရတာလေးတွေ ဖြစ်ပါသည်။ (စာရေးတဲ့ ဘလော့ဂ်ဂါဟုဆိုရာတွင် မြန်မာစာပေကို ညစ်ငြမ်းစေသော၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အကြောင်းအရာများ၊ လူပုဂ္ဂိုလ် တစ်ဦးနှင့်တစ်ဦး အကျိုးမရှိ အပြန်အလှန်တိုက်ခိုက်သော၊ လိဒ်ကိစ္စအကြောင်းအရာများ ရေးနေကြတဲ့သူများကို စာရေးသူ ဘလော့ဂ်ဂါဟု မသတ်မှတ်လိုပါ။)
ဘလော့ဂ်ဂါတစ်ယောက်မဖြစ်သေးခင်မှာ အခြားဘလော့ဂ်တွေကို လေ့လာရင်း သူတို့တွေကို အတုခိုးအားကျမိလာတတ်ရာမှ ဘလော့ဂ်ရေးချင်စိတ်ပေါက်လာတတ်သလို၊ မိမိကိုယ်တိုင်ကိုက စာရေးခြင်းဝါသနာထုံနေသည့်အပြင် ကွန်ပြူတာ၊ အင်တာနက်နှင့်လည်း အတော်အသင့် ရင်းနှီးကျွမ်းဝင်မှု စတဲ့အခြေခံအရည်အချင်းတွေရှိပါမှ ဖြစ်လာနိုင်ပေမည်။ အဓိကအချက်ကတော့ စာရေးခြင်းသည် အနုပညာတစ်ခုသဖွယ်သည့်အလျှောက် ဝါသနာထုံတဲ့စိတ်ရှိပါမှ ဘလော့ဂ်ဂါတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်ပေမည်။
တစ်ချို့ကတော့ အချစ်ကြောင့် အသဲကစားရင်း စိတ်လှုပ်ရှားစပြုကာ ကိုယ်တိုင်ကလည်း စာရေးချင်တဲ့စိတ် ဗီဇဓါတ်ခံလေးရှိနေတော့ နှလုံးသားထဲက မနေနိုင် မထိုင်နိုင် ပွင့်ထွက်လာတဲ့ ကဗျာတွေ၊ စာတွေကို ဘလော့ဂ်ထဲမှာ ပုံချရင်း ကဗျာဆရာတွေ၊ အလင်္ကာဆရာတွေတောင် ဖြစ်လာကုန်ကြသည်။ တစ်ချို့ကတော့ အချစ်ကြောင့် အသဲကွဲရင်းမှ ကဗျာတွေ၊ စာတွေပွင့်ထွက်လာရင်း ဘလော့ဂ်ဂါ ဖြစ်လာခဲ့ပုံရပါသည်။ ရေးရင်းရေးရင်း ခံစားချက်တွေ ကောင်းလာသလို ကဗျာတွေ၊ စာတွေဟာလည်း ပြောင်မြောက်လာကြသည်။
တစ်ချို့ကတော့ နိုင်ငံရေးစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်ပြင်းထန်လာသဖြင့် မြန်မာအစိုးရ၏ နေ့စဉ်ထုတ် တရားဝင် သတင်းစာမျက်နှာပေါ်တွင် မပါရှိသော သူတို့ရဲ့ရင်ထဲက အမှန်တရားတွေကို လွတ်လပ်သော ဘလော့ဂ်အပေါ်မှာ နေ့စဉ်နှင့်အမျှ စေတနာဗလပွနှင့် ဖော်ကြူးပြသခဲ့ကြလေသည်။
တစ်ချို့ကတော့ ဘဝမှာမှာတွေ့ကြုံခဲ့ရပုံတွေကို ဒိုင်ယာရီအလား ဘလော့ဂ်မှာ ရေးထားကြလေသည်။ ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်ခံစားချက်တွေကို ဘလော့ဂ်မှာ ပုံချကြသည်။ မိမိကိုယ်တိုင်လည်း လုပ်ခဲ့ဖူးပါသည်။ အပြန်အလှန်ဖတ်ပေးကြတဲ့ ဘလော့ဂ်ဂါတွေရဲ့ အားပေးနှစ်သိမ့်မှုတွေကြောင့်၊ စကားလက်ဆောင်တွေကြောင့် လန်းဆန်းတက်ကြွခဲ့သလို၊ အားတက်သရောလည်း ဆက်ရေးဖြစ်ခဲ့မိပါသည်။ တစ်ကယ်တော့ ဘလော့ဂ်ရေးခြင်းဟာလည်း ဘဝဒိုင်ယာရီ စာမျက်နှာအပိုင်းအစ တစ်ခုဖြစ်ပါသည်။ ဘဝစာမျက်နှာအပြည့် ဘလော့ဂ်မှာ ဆက်ရေးသွားမယ်ဆိုရင်တောင် ရနိုင်ပါသည်။
တစ်ချို့ကတော့ ဗုဒ္ဓဘုရား၏ တရားဓမ္မတော်ဆိုင်ရာများ ရေးသားကြပြီး လောကမှာ အေးချမ်းစွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ရှိနေစေချင်သော ဘလော့ဂ်ဂါများဖြစ်ကြသည်။ တစ်ချို့ကတော့ ဗေဒင်အတတ်ပညာ ဆည်းပူးလေ့လာထားသမျှတွေကို ရေးနေကြပြီး အပြင်မှာတောင် ဟောစားလို့ရလောက် ကောင်းတဲ့ စေတနာရှင် ဘလော့ဂ်ဂါများဖြစ်ကြလေသည်။
တစ်ချို့ကတော့ ဘဝဒဿနတွေကို ဘလော့ဂ်မှာ ရေးပြကြသည်။ နည်းပညာဆိုင်ရာဗဟုသုတွေကို ပြန်လည်ဝေငှပေးကြသည်။ တစ်ချို့ဘလော့ဂ်များဟာဆိုရင် စွယ်စုံကျော်ထင်လောက်အောင် အရေးအသား၊ အကြောင်းအရာကော၊ ဗဟုသုတကော အဘက်ဘက်က ပြည့်စုံကောင်းမွန် နေကြ လေသည်။
တစ်ချို့လည်း အဝင်တော့ ကောင်းပြီး ဘဝအခြေအနေ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊ မိမိကိုယ်တိုင်က စိတ်မပါတော့လို့ဖြစ်စေ တစ်ဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားတတ်ကြပြန်သည်။ အမှန်တရားဖော်ထုတ်တဲ့ ဘလော့ဂ်ဂါတစ်ယောက် ဆုံးရှုံးသွားရခြင်းအတွက် နှမြောဖို့ကောင်းပါသည်။ မိမိကိုယ်တိုင်ကလည်း ဘဝအနေအကြောင်းအရင်း အမျိုးမျိုးကြောင့် ရံဖန်ရံခါ ဘလော့ဂ်ကို ပိတ်ပြီး တိတ်တဆိတ် ကျောခိုင်းနှုတ်ဆက်ထွက်ခွာသွားဖို့ အကြိမ်ကြိမ် စိတ်ကူးမိခဲ့ဖူးပါသည်။ သို့ပေမယ့် စာရေးခြင်းအစ ဘဝမှတ်တိုင်ဖြစ်တဲ့ ဤဘလော့ဂ်လေးကို မစွန့်ခွာရက်ခဲ့ပါ။ ကိုယ့်လိုဖြစ်နေသူများကို တွေ့ရင်လည်း ခံစားချက်ခြင်းတူစွာ စာနာ နားလည်မိပြီး အားပေးခဲ့စမြဲပါ။
ဤကဲ့သို့ ဝါသနာရှင်အမျိုးမျိုးရဲ့ နှလုံးသားမှ ဖြစ်တည်အရင်းခံထားတဲ့ စေတနာရှင် ဘလော့ဂ်များစွာ ပေါ်ထွန်းလာခဲ့ကြလေသည်။ ဘလော့ဂ်တွေပေါ်လာမှ စာအရေးအသားကောင်းတဲ့ ရွက်ပုန်းသီးလေးတွေရှိမှန်း သိလာရတယ်လို့ နာမည်ကြီး ဘလောဂ့်ဂါတစ်ဦးက သုံးသပ်ထားပါသည်။ အမှန်တစ်ကယ်လည်း ဟုတ်သည်။ ဘဝအခြေအနေ အကြောင်းအရင်း အမျိုးမျိုးကြောင့် စာရေးဆရာ/ဆရာမတွေ မဖြစ်လာဘဲ အခကြေးငွေယူပြီး စာရေးမစားကြရုံတစ်မယ် အရေးအသား ကောင်းမွန်တဲ့ ဝါသနာရှင် ဘလော့ဂ်ဂါတွေကို တွေ့နေမြင်နေရသည်။ လောကကြီးရဲ့ဘယ်နေရာမှာမှ ရှာလို့မတွေ့နိုင်တဲ့ အမှန်တရားစစ်စစ်တွေကို ဘလော့ဂ်လောကမှာတင် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။ ထိုကဲ့သို့ ဘလော့ဂ်အမျိုးအစားပေါင်း စုံလင်လှသော ဘလော့ဂ်ဂါရပ်ဝန်းမှာ သူတို့တွေ ဘာအတွက်ကြောင့် ဆက်လက်ရပ်တည်နေကြတာလဲ..?။ မြန်မာပြည်က စာ၊ နယ်၊ ဇင်းတွေမှာ ရေးကြသူများလို စာမူခလည်းရသည်မဟုတ်။ တစ်စုံတစ်ရာ အကျိုးခံစားခွင့်များလည်း ရသည်မဟုတ်။ ဘလော့ဂ်ဂါတွေရဲ့ရပ်တည်ချက်တွေကို စဉ်းစားကြည့်လိုက်တော့ အဖြေကရှင်းရှင်းလေးပါ။
၁။ မိမိတို့ ယုံကြည်ချက်၊ ခံယူချက်၊ ဘဝရပ်တည်ချက်အမြင်နှင့် ဝါသနာအလျှောက် စာရေးချင်စိတ်ရှိတဲ့ ဘလော့ဂ်ဂါတွေဖြစ်ကြပါသည်။
၂။ မိမိဘဝတစ်လျှောက် လေ့လာခဲ့သမျှ အသိပညာ၊ ဗဟုသုတ၊ အတွေးအမြင်ရသတွေကို ဝေငှ ဖော်ထုတ်ချင်သော စိတ်ရှိတဲ့ ဘလော့ဂ်ဂါတွေကြပါသည်။
၃။ တစ်ဦးနှင့်တစ်ဦး အတွေးအမြင်တွေ ဖလှယ်ကြရင်း ကောင်းကျိုးများစွာ ပေါ်ထွန်းလာစေချင်တဲ့ ရည်ရွယ်ချက်ရှိတဲ့ ဘလော့ဂ်ဂါတွေဖြစ်ကြပါသည်။
၎။ ထိုအခြေအနေမျိုးကြားမှ မိမိတို့ အချိန်ကုန်ခံလုပ်ခဲ့သမျှ ရရှိလာတဲ့ အကျိုးကျေးဇူးမှာ စာဖတ်သူ၏ အသိအမှန်ပြုတဲ့ စာစကား မှတ်ချက်လေးတွေပင် ဖြစ်ပါသည်။ ဘာနဲ့မှ လဲလို့မရတဲ့ အဖိုးတန် စာမူခတွေပါပဲ။
မည်သို့ဆိုစေ ကျွန်တော်တို့တွေ အတူတကွ လက်တွဲကာ စည်းလုံးညီညာပြီးတော့ ဟိုးအဝေးမှ မှုံရီမှုံဝါး ဆုံမှတ်တိုင်တစ်ခုဆီသို့ အရောက်လျှောက်လှမ်း သွားကြရအောင်ပါ။

3 ယောက်ရဲ့ ထင်မြင်ချက်:
ဖတ်သွားကြောင်းပါ..
မှန်ပါပေတယ်ဗျာ။ စာတွေအားလုံးကို ထောက်ခံပါတယ်။ကျနော်ကတော့ အားလို့ေ၇း
တာပါဗျာ။မအားရင် မရေးပါဘူး ဘာလို့လဲဆို
တော့ ဒီဘလော့ထက် ကိုယ့်အလုပ်က အရေးကြီးလို့ပါပဲဗျာ။မှန်တာပြောတာပါနော်
အငေါ်တူးတာမဟုတ်ပါဘူး။
ထိုအခြေအနေမျိုးကြားမှ မိမိတို့ အချိန်ကုန်ခံလုပ်ခဲ့သမျှ ရရှိလာတဲ့ အကျိုးကျေးဇူးမှာ စာဖတ်သူ၏ အသိအမှန်ပြုတဲ့ စာစကား မှတ်ချက်လေးတွေပင် ဖြစ်ပါသည်။ ဘာနဲ့မှ လဲလို့မရတဲ့ အဖိုးတန် စာမူခတွေပါပဲ။ ဆိုလို့ စာမူခလာပေးတယ်။ ဟဲဟဲ။ တက်လူငယ်က ကြံဖန်တွေးတတ်တာပဲ။ ဒီပို့စ်မှာ နောက်ဆက်တွဲဘလော့ဝေဖန်ရေးလေးပါ ဖြည့်ရင် ကောင်းမလားပဲ။
Post a Comment