ကျွန်တော့်အတွက်တော့ ဒီဇင်ဘာလဟာ အများတကာလို ပျော်ရွှင်ကြည်နူးစွာနဲ့ လာမည့် နှစ်သစ်ကို ကြိုဆိုရမည့်အစား တသသဖြင့် လွမ်းမောဆို့နင့်စွာနဲ့ပဲ ကြိုဆိုလိုက်ချင်တော့တယ်။ ဒီဇင်ဘာလကုန်ရင် အလုပ်က အပြောင်းအလဲရှိနိုင်သလို ကောင်းချင်လည်း ကောင်းသွားမည်။ ဘယ်လိုမှ အတိအကျ ခန့်မှန်းလို့ မရတဲ့ လက်ရှိ ဘဝအနေအထားမှာ ရင်ထဲကခံစားချက်တွေကို ဖွင့်ထုတ်ပစ်ဖို့ရာ ဘလော့ဂ်မှာ ခဏခဏ သယ်လာမိခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ ဘလော့ဂ်လေးရဲ့ နှလုံးခုန်သံနဲ့ ရှင်သန်မှုလေး ရပ်တန့်မသွားအောင် ထိန်းပေးနေရချိန်မှာ ထွက်ချည်ဝင်ချည် အသက်ရှုသွင်းနေရတဲ့ ဆန့်တငင်ငင်နဲ့ ဘလောဂ်ဂါ တစ်ယောက်လို ဖြစ်နေပါပြီ။
လက်ရှိကျွန်တော်နေထိုင်ရာ ပါတ်ဝန်းကျင်မှာ ခရစ်စမတ် ပွဲတော်အတွက် အသင့်ပြင်ဆင်နေကြတဲ့ ရွယ်တူလူငယ်လေးတွေ တက်ကြွစွာလှုပ်ရှားနေကြတာတွေ့ရတော့ သူတို့ကြည့်ပြီး ကိုယ်က တစ်ယောက်တည်း ကြိတ်ကာ အဖော်မဲ့ အထီးကျန်ဆန်နေသလို ခံစားမိရပါသည်။ အနီရောင်စင်းကြား သိုးမွှေးခေါင်းစွပ်အရှည်ကြီးကို ဆောင်းလိုက်၊ ချွတ်လိုက် လုပ်ရင်း သူတို့အချင်းချင်း ပျော်ပျော်ရွှင်ရွှင် စနောက်နေကြလေရဲ့။ ကောင်လေးနဲ့ ကောင်မလေးတွေက လက်တွဲလို့ အတူနွှဲကာ ဒီဇင်ဘာပွဲမှာ ပျော်ပွဲဝင်ဖို့ ကြိုတင်ကာပြင်ဆင်နေကြလေရဲ့။ ကိုယ်ကတော့ အဲ့ဒီ့အချိန်မှာ အစီအစဉ်မကျနသေးတဲ့ ဘဝပရိုဂရမ် တစ်ပုဒ်ကို ကောင်းအောင်ကြိတ်မှိတ်ရေးဆွဲနေရတုန်း။ သက်ပြင်းတစ်ချက် အသာချလေး ချလိုက်ပြီး '' သူတို့ဘဝကို အားကျလို့ကော မင်းအတွက် ဘာဖြစ်လာမှာလဲ..? ကိုယ့်ဘဝပရိုဂရမ်ကို ကိုယ့်ဖာသာ ကောင်းအောင် ရေးဆွဲနေရာမှာ၊ ဘယ်သူမှ လာကူဆွဲမပေးဘူး၊ မင်းအဲ့ဒါကို သလေဘောပေါက်လား..? '' လို့ ကိုယ့်ကိုယ်ကို ပြန်မေးရင်း ပီပြင်တဲ့ဘဝတစ်ခုဖြစ်လာဖို့ အတွက် ရှေ့ဆက်လျှောက်ဖို့ အားတင်း ထားလိုက်မိတယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ ကျွန်တော့် နှုတ်ခမ်း တစ်စုံဟာ အလိုလို ကွေးညွှတ်သွားပြီး မချိပြုံးလေး တစ်ချက် ပြုံးလိုက်မိပါတယ်။ '' ရေရေရာရာ မရှိတဲ့ဘဝမှာ လှောင်ရယ်စရာ လောက သဘောသဘာဝတွေ အကြားထဲက ဖြစ်ချင်သလိုဖြစ်နေတဲ့ ဘဝပရိုဂရမ် တစ်ပုဒ်ပါလား '' လို့ပေါ့လေ။
လွန်ခဲ့သော အတိတ်ရှိ ဆယ်စုနှစ်(၂)ခုစာကျော်ထဲမှာ ရေးဆွဲထားခဲ့တဲ့ ဘဝပရိုဂရမ်ကို စိတ်ကူးနဲ့ လှမ်း check နေမိပြန်တယ်။ ဝိုးတိုးဝါးတားဖြင့် ဘာမှကို အားရစရာ မရှိလှ။ အပီအပြင်လုပ်ဆောင်နိုင်ခဲ့တာ တစ်ခုမှ မရှိသေးဘူးလို့ထင်တယ်။ ခံစားချက်ချင်းက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ တစ်နေ့က ကိုအိမ် ဘလော့ဂ်ဆီ ရောက်သွားတုန်း ဟိုမရောက်ဒီမရောက် ကျွန်တော် ဆိုတဲ့ပိုစ့်ကို ဖတ်လိုက်ရာတာ သူလည်း ကျွန်တော့်ဘဝ ပုံစံနဲ့ ခပ်ဆင်ဆင်ဖြစ်နေတယ်။ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်သည့် အကျင့်ကြောင့် ကျွန်တော်လည်း ဟိုတစ်တို့ ဒီတစ်တို့ ပညာလေးတွေ မတောက်တစ်ခေါက်လောက်တော့ စုဆောင်းမိခဲ့ပါသည်။ အွန်လိုင်းမှာ မိတ်ဆွေဘလော့ဂ်ဂါ တစ်ယောက် ပြောဖူးတဲ့ စကားလေးတစ်ခွန်းကို သွားပြီး အမှတ်ရမိတော့ ကိုယ့်ကိုယ်ကို အားမငယ်ချင်တော့ပါ။ '' ဘယ်အရာမဆို basics ဆိုတဲ့ အခြေခံတွေ ရှိနေဖို့ပဲလိုတယ် '' တဲ့။ သဘာဝကျကျ တွေးခေါ်ကြည့်လိုက်တော့ ဟုတ်နေသည်။ ငယ်စဉ်က ဖတ်းခဲ့ဖူးတဲ့ ပီမိုးနင်း စာအုပ်ထဲက '' တိုက်တစ်လုံးဟာ ဘယ်လောက်ပဲ အထပ်တွေများအောင် ဆောက်နေပါစေ အောက်ခြေမခိုင်ရင် (စံချိန်မမှီရင်) ပြိကျသွားမှာပဲ '' ဆိုတဲ့ စာလေးတစ်ကြောင်းကို သွားပြီးအမှတ်ရမိတယ်။ ဘယ်အရာမဆို အခြေခံရှိရုံမျှမက အဲ့ဒီ့အချိန်ခံကို စတည်ကတည်းက ကောင်းအောင် တည်ဆောက်ထားခဲ့ဖို့လိုအပ်တယ်။ '' ငါရော အခြေခံတွေ ကောင်းနေပြီလား ? '' ကိုယ့်ဖာသာ ပြန်မေးကြည့်လိုက်တော့ '' လိုအပ်ပါသေးတယ် '' ဆိုတဲ့ အဖြေပဲ ထွက်လာတယ်။
တစ်ခါတစ်ရံဘဝမှာ လုပ်ချင်တာတွေက သိပ်များလွန်းပြီး မဖြစ်လာသေးတာတွေ အတွက် အလိုမကျဖြစ်နေမိပြန်တယ်။ ဒါပေမယ့် ဘဝဆိုတဲ့ တောင်တက်လမ်းမှာ သက်လုံမကောင်း မောပြီးလက်လျှော့ ကျန်ရစ်နေခဲ့ လူတွေကလည်း အောက်မှာ မနည်းဘူး။ အထက်ကို မော့ကြည့်လိုက်ပြန်တော့လည်း ကိုယ့်ထက် ဇွဲကောင်းတဲ့၊ လုံ့လဝီရိယရှိကောင်းတဲ့ သူတွေ တစ်ချို့က အောင်လံတောင် လွှင့်ထူနေကြပြီ။ ကိုယ့်နဘေးနားမှာလည်း ဇွဲကောင်းကောင်းနဲ့ ဆက်တက်နေကြတဲ့ လူတွေကို တွေ့ရပြန်တယ်။ '' သြော်..ဒီလိုပါပဲလား '' လို့ သဘာဝကျကျ တွေးကြည့်ရင်း ပြုံးမိသေးတယ်။ ထူးထူးခြားခြား တစ်ချို့ကျတော့ ဘဝဆိုတဲ့ တောင်ကြီးမှာ အေးမြတဲ့ တရားရိပ်သာ စခန်းကြီးတွေထဲမှာ ရာသက်ပန်ဝင်ပြီး ကျန်နေရစ်ခဲ့တယ်။ သူတို့တွေကို ကြည့်ရသည်မှာ ပကတိ အေးချမ်းတည်ငြိမ် လှပပေတယ်။ ကျွန်တော်ကတော့ မောချင်မောပါစေ ရှေ့ဆက်တက်ရင် ဘာတွေ ဖြစ်လာဦးမလဲဆိုတာ သိချင်တဲ့အတွက် ဆက်တက်ဦးမည်။ ကိုယ့်နဘေးနားက အားနွှဲ့တဲ့သူတွေကိုလည်း တတ်နိုင်သလောက် ဖေးမကူညီပြီးလက်တွဲခေါ်နိုင်က ခေါ်သွားမည်။ ဘဝပရိုဂရမ် တစ်ပုဒ်ကို ဆက်ပြီးတော့ ရေးဆွဲကြည့်ချင်သေးသည်။ အဖြေက ဘာတွေ ထွက်လာဦးမလဲ..? ။ အဝေးမှာ မှုန်ရီပျပျမြင်နေ ရတဲ့ ပန်းတိုင်တစ်ခုနဲ့ ဆက်လျှောက်ရမည့် ဘဝလမ်းတစ်လျှောက်ကို လှမ်းမျှော် ကြည့်လိုက်ရင်း '' ဘဝ ပရိုဂရမ်နဲ့ ဆက်တက်ဦးမယ့် တက်လူငယ် '' ပါလားလို့ လေသံတိုးတိုးလေး ရေရွတ်လိုက်တယ်။
နောက်ဆက်တွဲစကား။ ကျွန်တော် တစ်ကယ်ကို မအားတဲ့ ကြားထဲက အလုအယက်အချိန်ယူပြီး ရေးလိုက်တဲ့ ပိုစ့်ပါ။ အင်တာနက် ပုံမှန်သုံးရဖို့ အခြေအနေတွေ ကလည်း ပေးမလာတော့ဘူး။ ဒီကြားထဲကမှ အိပ်ရေးပျက် ခံပြီး တင်လိုက်တဲ့ ပိုစ့်လေးပါ။ စီဘောက်မှာ လာနှုတ်ဆက်ကြတဲ့သူတွေကို တက်လူငယ် ပြန်လာပြီးတော့ မနှုတ်ဆက်နိုင်ခဲ့ရင်လည်း ခွှင့်လွှတ်ပေးကြပါ။

8 ယောက်ရဲ့ ထင်မြင်ချက်:
ဖတ်လို့ကောင်းတယ် ကိုတက်လူငယ် အချိန်ပေးပြီးရေး ထားတာနဲ့တူတယ်.
ခွင့်မလွှတ်ဖူးဟေ့.... ငါတို့ကတော့ စိတ်ဆိုးတယ်... အဲဒါကြောင့် ကွန်မန့်ပါပေးသွားတယ်။ စီဘောက်မှာ ဆိုရောက်မလာမှာစိုးလို့ကွ......။
အဲ..ဘ၀တူတွေဆရာရေ အားမငယ်နဲ့ အဖော်ရှိတယ်။ဘ၀ဆိုတာဒီလိုပဲ ဆရာလေးရေ
တက်လိုက်ကျလိုက်နဲ့ပဲလေဗျာ
စိတ်တော့ မလျော့ပါနဲ့
ဘဝတူတွေဘာဗျာ......
ရှေ့  ဆက်တက်နေမယ်....
ရင်ခုန်သံမရပ်သရွှေ့ ပေါ့...
ဘေးနားမှာအမြဲရှိနေမယ်..
ခံစားချက်ချင်းတူနေလို့ နားလည်ပေးလို့ရပါတယ်။
အစစ အရာရာ အဆင်ပြေပါစေ.......လို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းပေးလိုက်ပါတယ်။
မောင်လေးရေ
မအားတဲ့ကြားက ရေးထားတဲ့ ဘ၀ပရိုဂရမ်လေးကို ဖတ်ရတာ ..တကယ့်ကို ကိုယ်ချင်းစာပါတယ်။
မောင်လေး .. လွယ်လွယ်ကူကူ အားမလျှော့ဘူးလို့ အစ်မ ယုံကြည်နေတယ်။
ဘာလို့လဲဆိုတော့ နာမည်ကိုက တက်လူငယ်ပဲလေ ..
ခင်တဲ့
မဆင့်
ဟုတ်ပါ့ ကိုတက်လူငယ် နာမည်ကိုက “ တက်လူငယ် ” ပဲ
ကြိုးစားမှု ပေးဆပ်မှုရှိမှတော့ အောင်မြင်မှာပါ
ဘ၀တစ်ခုကို ဖတ်သွားပါတယ်
မှတ်လည်း မှတ်သွားပါတယ်
ဘ၀ရဲ့ အလုပ်အကိုင် ပညာရေးမှာ အောင်မြင်မှုများသာမက ဘ၀ရဲ့ ပျော်ရွှင်မှုတွေကိုပါ ခံစားရပါစေ ကိုတက်လူငယ်
အားပေးပါ၏
အဆင်ပြေပါစေ :)
တက်လူငယ်ဆိုမှ စိတ်ဓာတ်ကျတော့မပေါ့ ညီရေ။ ဘာလို့လဲဆိုတော့ မရှင်းပြတော့ပါဘူး။ ကျပြီးရင်လည်း ပြန်တက်ဦးမယ်ဆိုတာ မမေ့နဲ့နော်။ အားလုံးအဆင်ပြေသွားမှာပါ။ အေးဆေးလေး ဖြတ်သန်းကြည့်ပါဦး။
Post a Comment