မြန်မာလူငယ်တွေ ညံ့ကြပါသလား..?

လွန်ခဲ့သည့်(၃)လ ကျော်ခန့် လောက်က အင်တာနက်စာမျက်နှာ တစ်ခုတွင် '' မြန်မာလူငယ်တွေ ညံ့ကြပါသလား '' ဆိုတဲ့ ခေါင်းစဉ်ငယ်လေးနှင့် ဆွေးနွေးထားသည်ကိုတွေ့ရသဖြင့် စိတ်ဝင်တစား ဝင်ဖတ်ဖြစ်ခဲ့တယ်။ ဘယ်လိပ်စာလဲ ဆိုတာတော့ ပြန်စဉ်းစားလို့မမှတ်မိတော့ပါ။ နောက်မှ ယခုကျွန်တော်ကိုယ်တိုင် ဘလော့ဂ်ရေးဖြစ်လာတော့ လူငယ်ပီပီမနေနိုင်လွန်းသဖြင့် ပြန်ပြီးအစဖော်လိုက်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့်ဆွေးနွေးပွဲလေး တစ်ခုလုပ်လိုက်ဖို့ စိတ်ကူးမိပါတယ်ဗျာ။
ပထမဆုံးအနေနဲ့ ကျွန်တော့်အမြင်တွေကို ဆွေးနွေးတင်ပြသွားပါမယ်။ ''မြန်မာလူငယ်တွေညံ့ကြပါသလား''ဆိုတဲ့ အကြောင်းနဲ့ ပို့စ်မတင်သေးမှီကတည်း က ကျွန်တော့်ကိုယ် ကျွန်တော်ပင် ပြန်မေးကြည့်ခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် အခုစာရေးနေတဲ့ 'ကျွန်တော်ကစ၍ ညံ့တယ် ' လို့ ပြောမယ်ဆိုရင်တောင် ပြောနိုင်စရာ အချက်တွေက ရှိနေဦးမှာပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက ညံ့တာနဲ့ ဖျင်းတာမတူပါဘူးဗျာ။ ညံ့တယ်ဆိုတာ ကိုယ်ကိုယ်တိုင်ကိုက မကြိုးစားလို့ဖြစ်တာလား (ဒါမှမဟုတ်)ပင်ကိုယ်အရည်အချင်းကိုက ဥာဏ်ထိုင်း နေလို့လား။ အခြားအခြားသောအကြောင်းအရင်းများနဲ့ စဉ်းစားစရာအချက်တွေကလည်းရှိနေပါသေးတယ်။ ဖျင်းတာကတော့ လုံးဝကိုသုံးမရအောင်ဖြစ်သွားတာပါ ။ လုံးဝကြိုးစားချင်စိတ်ကိုမရှိတော့တာ။ ဒါကကျွန်တော့်ရဲ့အမြင် တစ်ခုမျှသာလျှင်ဖြစ်ပါတယ်။ (၁ဝ)တန်းအောင်ပြီး တတ်နိုင်တဲ့မိဘတွေကတော့ သားသမီးတွေကို (day) တက်ခိုင်းချင်ခိုင်းမယ်။ အလုပ်လုပ်ရင်းနဲ့ ကျောင်း တက်ချင်တဲ့ လူငယ်တွေကတော့ အဝေးသင်တက်ရမယ်။ (၁ဝ)တန်းမှာ အောင်ချက် ကောင်းတဲ့ သူတွေကတော့ ဆေး၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ၊ ရေကြောင်းသိပ္ပံ၊ စိုက်ပျိုးရေးဆိုင်ရာ အစရှိတဲ့ တက္ကသိုလ်ကျောင်းများမှာ ဘဝအသက်မွေးဝမ်းကျောင်းနိုင်တဲ့ ပညာတွေကို အခွင့်အလမ်းကောင်းကောင်းနဲ့ ရွေးချယ် တက်ရောက်ခွင့်ရှိကြပါတယ်။ ဒီနေရာမှာ (က) နဲ့ (ခ)ဆိုပြီး အုပ်စု(၂)စု ကွဲသွားတာပေါ့။ (က) အုပ်စု ဝင်တွေက ဆေး၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ၊ ရေကြောင်းသိပ္ပံ၊ စိုက်ပျိုးရေး စတဲ့တက္ကသိုလ် ကျောင်းများ ကတော့ သတ်မှတ်ထားတဲ့ အမှတ်စာရင်း ပြည့်မှီမှ တက်လို့ရတဲ့ကျောင်းတွေပါ။ နောက် (ခ) အုပ်စုဝင်တွေကျတော့ ရိုးရိုး သာမန်ဝိဇ္ဇာ၊ သိပ္ပံဘွဲ့တွေရနိုင်တဲ့ လိုင်းတွေပါ။ အဲ့ဒီ့မှာ (က) အုပ်စုထဲလည်းမပါ၊ (ခ)အုပ်စုထဲလည်းမပါတဲ့ ကျန်လူငယ်တွေလည်း အများကြီး ရှိသေးတာပေါ့။ သူတို့ကတော့ ဘဝရဲ့ အခြေအနေ အကြောင်းအမျိုးမျိုး ကြောင့်ပေါ့ဗျာ။ သူတို့ကိုတော့ (ဂ) အုပ်စုဝင်တွေလို့ သတ်မှတ်လိုက်လို့ရပါတယ်။ (က) (ခ) (ဂ) အုပ်စု (၃)စုလုံးကို ပြန်ပြီး ခြုံငုံကြည့်လိုက်တော့ (က) အုပ်ဝင်တွေမှာ သိပ်အဆိုးအရွားကြီးထဲ မပါနိုင်လောက်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ သူတို့က ကျောင်းပြီးလို့ ဘွဲ့ရရင် ပြည်တွင်းမှာ တင် အလုပ်ကောင်းကောင်း ရဖို့အတွက် ရာခိုင်နှုန်းအများဆုံးရှိထားတဲ့ သူတွေဖြစ်လို့ပါ။ (ခ) အုပ်စုဝင်တွေကတော့ သာမန်ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံ သမားတွေ ဆိုတော့ မိဘလက်ငုပ်လက်ရင်း အလုပ်အကိုင်တွေရှိရင် ဆက်လုပ်ကြမယ်။ တခြားလမ်းတွေကိုလည်း သူတို့ဖာသာ ရွေးချယ်လျှောက်လှမ်းမယ်။ သတင်းစာကြော်ငြာမှာ ကုပ္ပဏီ တစ်ခုက ဘွဲ့ရပညာတတ်လို့ ခေါ်လာရင်သွားပြီး အင်တာဗျူးဝင်လို့ တောင်မှ ရနိုင်ပါသေးတယ်။ (ဂ) အုပ်စုဝင်တွေ ကျတော့ အခွင့်အလမ်းအနည်းဆုံး သမားတွေပါပဲ။ လက်ရှိမြန်မာပြည်မှာ အလုပ်ရှာဖွေလို့ရတဲ့အနေအထားကို ကျွန်တော့်အမြင်ပြောရရင် (က) နဲ့ (ခ) အုပ်စုမဝင်ခဲ့ရင်တောင် ပြင်ပက အသက်မွေးမှုဝမ်းကျောင်း အတတ်ပညာသင်တန်း တစ်ခုခု၊ ဥပမာ - ကွန်ပျူတာသင်တန်းလိုမျိုး (၃)လပြတ်၊ (၆)လပြတ်သင်တန်း တက်လို့ သင်းတန်းဆင်းလက်မှတ်တွေ ရှိခဲ့ရင်လည်း ကုပ္ပဏီတွေမှာ အလုပ်လျှောက်နိုင်ပါသေးတယ်။ အဲ့ဒီ့ (က) (ခ) (ဂ) အုပ်စု (၃)စုထဲမှာတင်မှ ဘယ်အထဲမှလည်းမပါတဲ့ ဟိုမရာက်၊ ဒီမရောက် လူငယ်တွေလည်း အများကြီး ကျန်ပါသေးတယ်။ သူတို့ကို (ဃ) အုပ်စုလို့ ရှင်းအောင်သတ်မှတ်လိုက်မယ်။ လက်ရှိမြန်မာပြည်မှာ (ဃ) အုပ်စုဝင်လူငယ်တွေက ရာခိုင်နှုန်း ထက်ဝက်နီးပါးရှိလိမ့်မယ်လို့တောင်မှ ကျွန်တော်ယူဆပါတယ်။
လွန်ခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်က မြန်မာပြည်မှာ ကျွန်တော်ရှိနေစဉ် ကျောင်းနေဖက် သူငယ်ချင်းဟောင်းကြီး တစ်ယောက်နဲ့ ပြန်ဆုံတယ်။ 'မင်းအခုဘာလုပ်နေတာလဲ 'လို့မေးတာ့ ' ဟိုယောင်ဒီယောင်အလုပ် ' တဲ့ ။ ကျွန်တော်က အံ့သြတကြီးဖြစ်ကာ ' မင်းကွန်ပျူတာတက္ကသိုလ်တက်နေတာလို့ ငါကြားတယ်ကွ အခုမင်းက မဟုတ်ဘူးလား ' လို့မေးမိတော့ သူက ' အေးလေကွာ ကျောင်းကဘွဲ့ရပြီးတာ တစ်နှစ်ရှိပြီ၊ အခုထိဘာအလုပ်မှ မလုပ်ဖြစ်သေးဘူး၊ အကြိုက်မတွေ့သေးလို့ကွ ' လို့ သာပြန်ပြောခဲ့ဖူးပါတယ်။ နောက်တစ်ယောက်က ရပ်ကွက်ထဲက သူငယ်ချင်းတစ်ယောက်ပါ။ သူကတော့ သာမန်ရိုးရိုး ဝိဇ္ဇာဘွဲ့နဲ့ကျောင်းပြီးထားတယ်။ ဒါပေမယ့် ဆံပင်ညှပ်ဆိုင်မှာ အလုပ်ဝင်လုပ်နေတာ သိလိုက်ရတယ်။ သူငယ်ချင်းတွေထဲမှာ ထူးထူးချွန်ချွန်ဖြစ်သွားတဲ့ တစ်ယောက်တော့ မှတ်မိတယ်။ သူက အခု အင်ဂျင်နီယာကျောင်းဆက်တက်ရင်းနဲ့ တစ်ဖက် တစ်လမ်းကနေ (၁ဝ)တန်းကျောင်းသားတွေကို ကျူရှင်ပြန်ပြပေးနေတာပါ။ အခုဆိုရင် သူကမြို့မှာ တော်တော်လေး အောင်မြင်နေပြီ။ လေးစားဖို့ကောင်းတာက သူ့မိဘအသိုင်းအဝန်းမှာ ဝင်ငွေများများစားစားမရှိတဲ့ကြားက သူတစ်ယောက်တည်းနဲ့ တစ်လဝင်ငွေ (၃)သိန်းဝန်းကျင်ရှာနိုင်တယ်လေ။ ကျောင်းစရိတ်ရတဲ့အပြင် မိဘ လက်ထဲကိုလည်း ငွေပြန်အပ်နိုင်သေးတယ်။ မူလတန်းတုန်းက ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ချို့ကို ပြန်တွေ့တော့ တစ်ယောက်က ဆိုက်ကားနင်းနေတယ်။ တစ်ယောက်ကဈေးထဲမှာ ကူလီထမ်း နေတယ်။ မိန်းကလေး သူငယ်ချင်းတစ်ယောက်ကတော့ ဆေးလိပ်ခုံမှာ ဆေးလိပ်သမဖြစ်နေပြီ။ ကလေးတွေတောင်ရပြီလား မပြောတတ်ဘူး။ ပြောမယ်ဆိုရင် ပြောလို့မကုန်နိုင်တော့ဘူး။ အစရှိသဖြင့်ပေါ့ဗျာ။ ကဲ..စာရှည်သွားပြီ။ အဓိက ကျွန်တော်ဆွေးနွေးချင်တာက ' မြန်မာလူငယ်တွေ အများစု ညံ့နေကြ ပါသလား ?၊ ဆိုတဲ့အချက်ပါ။
လာရောက်သူ ကျွန်တော့်မိတ်ဆွေ ဘလော့ဂ်ဂါများ၊ ဘလော့ဂ်မရေးဘဲ စာလာဖတ်ခဲ့သူများပါလာခဲ့ရင်လည်း ဝင်ရောက်ဆွေးနွေးလိုပါက ဒီအကြောင်းအရာလေးအောက်မှာ မိတ်ဆွေတို့ရဲ့ အမြင်နဲ့ ဆွေးနွေး ချင်တာလေးတွေကို လွတ်လပ်စွာ ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်။ ဆွေးနွေးဖို့အတွက် comment တွေ ပေးထားခဲ့ပါလို့ ပြောရင်းနဲ့....အနာဂါတ်မနက်ဖြန်အတွက် အားသစ်တွေမွေးဖွားနိုင်ဖို့ အိပ်ယာဝင်ရ တော့မယ်။

တက်လူငယ်....

16 ယောက်ရဲ့ ထင်မြင်ချက်:

ဗီလိန် said...

ဟုတ်တယ်ဗျ။ အဓိကကတော့ ကိုယ့်ကိုကိုယ် အရင်ကြိုးစားကြဖို့ပဲ။ တော်တော်များများက ဟိုလွှဲချ ဒီလွှဲချလုပ်နေကြတာ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ပေါ့လေ။ ဒါနဲ့ပတ်သတ်လို့ ကျနော့သူငယ်ချင်း ၂ယောက်ကို လုပ်ပေးဖူးပါတယ်။ တော်တော်လေး ချို့တဲ့၊ ၁၀တန်းကလည်းမအောင်၊ ကားမှန်ဘောင်လုပ်တဲ့ ဆိုင်လေးမှာကပ်ဖဲ့ လုပ်စားနေကြရတာပေါ့။ ဆိုင်ရှင်က သနားလို့ နေရာပေးထားပေမယ့် ဆိုင်ရှင်ကိုယ်တိုင်က အလုပ်က အဆင်ပြေလှတယ်မဟုတ်။ ကားမလားတဲ့ ရက်တောင်ရှိတတ်တယ်။ အဲလိုနေ့မျိုးဆိုလည်း ဆိုင်ရှင်က စားဖို့ ပိုက်ဆံတော့ပေးရှာပါတယ်။ သူတို့ကို ကျနော့သူငယ်ချင်းတစ်ယောက်က ဟိုတယ်တစ်ခုမှ အလုပ်သွင်းပေးတယ်။ ၀ိတ်တာ ပေါ့ဗျာ။ အဲဒီမှာ သူက တစ်နေ့တောင်မပြည့်ဘူး ပြန်လာတယ်လေ။ ပျင်းလို့တဲ့။ ဟိုတယ်က လူဒီလောက်ကြီးမရှိတော့ တစ်နေကုန် ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ရတဲ့ သက်သက်သာသာ အလုပ်တစ်ခုပေါ့။ ဒါကို ပျင်းတယ်တဲ့ဗျာ။ နောက်တစ်ခါ အပေါင်ဆိုင်တစ်ခုမှာ ကျနော်ထားပြန်တော့လည်း အဲလိုပဲ ဘောင်ချာဖြတ် ပစ္စည်းထုတ်သွင်းလုပ်ရုံဆိုတော့ ပျင်းလို့တဲ့ဗျာ။ အပေါင်ဆိုင်က တစ်လ ၅သောင်းနဲ့ နေစရာစားစရာ အငြိမ်း။ ကဲဗျာ။ လူငယ်တွေ မတိုးတက်ဘူးဆိုတာက ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး သူများလက်ညှိုးမထိုးနဲ့ ကိုယ်ဟာကိုယ် အသုံးမကျကြတာပါဗျာ။

Dr Phyo Wai Kyaw said...

လွယ်ဘူးဗျ
ခက်တယ်
ကိုဗီလိန်ပြောတာကတော့
လက်တွေ့အကျဆုံးပဲ
ကိုယ့်အားကိုယ်ကိုး
ကိုယ့်ဖာသာ ရှာကြံ အသက်မွေးရမှာပဲဗျ
သူများကို အပြစ်တင်လို့လည်း ထမင်းကသိပ်ဝလာမှာဟုတ်ဘူးကိုး
အကြောင်းကတော့အမျိုးမျိုးပဲ
၁)တရားခံကတော့
မိမိကိုယ်တိုင်ပဲဗျိုး။

ညံ့လားမညံ့လားကတော့ ပြောတော့ပါဘူး
သိလည်းမသိဘူး။
ဘာပဲဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့ သူ
သုံးလို့ဖြစ်တဲ့လူချည်းပါ
အဲဒီစံနဲ့ဆိုရင်တော့
ဘယ်သူမှ ညံ့တယ်ပြောမရဘူး။
ဒါပေမဲ့
စိတ်က အခရာ ကျတယ်
စိတ်ကောင်းမှ လူကောင်း၊
လူကောင်းမှ ဘ၀ကောင်းနိုင်မယ်။
ကိုင်း ကြိုးစားကြတာပေါ့...

Dream said...

အရှေ့ကဦးဦးဘီယိန်နဲ့ ဦးဦးအလှတို့ တွေပြောသွားတာ မှန်တယ်..
မြတ်စွာဘုရားကဟောထားတယ်လေ
အတ္ထဟိအန္ထောနာထော....
မိမိကိုသာကိုးကွယ်ရာတဲ့

တကယ်တော့ကိုယ်ကိုတိုင်ကလည်း
ကြိုးစားချင်စိတ်ရှိမှ၊ တကယ်လည်း
ကြိုးစားပါမှ မိမိတို့ရဲ့ဘ၀ဆိုတာ တိုးတက်အောင်မြင်မှာပါ...
ပျင်းရင်ဖျဉ်းမယ်ဆိုတဲ့
ဆိုးရိုးစကားလည်းရှိတယ်လေ....

ကိုယ်ကဘယ်လောက်ပဲကောင်းအောင် တွန်းတင်တွန်းတင်ကာယကံရှင်ကိုယ်တိုင်က ပျင်းနေမယ်ဆိုရင် မရဘူးလေ..

လူတိုင်းလူတိုင်းမှာ ကြိုးစားချင်ရင်
ကြိုးစားလို့ရတဲ့ကြိုးစားနိုင်တဲ့
အခွင့်အရေးတွေကို ရှာယူတတ်ရင်
ရပါတယ်။

တကယ်တော့လူငယ်တွေ
မတိုးတက်တာကဘာပရောဂ
ဆင်ခြေမှ ရှာစရာမရှိပါဘူး...
အဲဒါကတော့ မိမိတို့ကိုယ်တိုင်ပါပဲ...
လူငယ်တိုင်းကြိုးစားချင်စိတ်ရှိနိုင်ကြပါစေ...
ကိုယ်ကလည်းကြိုးစား၊အထောက်
အပံ့လေးကလည်းရဆိုရင်တော့ပို
ကောင်းတာပေါ့နော့်...

"ဘ၀ကို ရေတွင်းလိုမတည်ဆောက်ပဲ
အုတ်တံတိုင်းလိုတည်ဆောက်နိုင်ကြပါစေလို့
ဆန္ဒပြုပါတယ်..."

kay said...

ခြုံပြောရ ရင်တော့..မညံ့ပါဘူး။ ညံ့တယ် တော်တယ် ဆိုတဲ့နေရာမှာလည်း..ပညာရေးတခုပဲလား။ အဲဒါ တချက်။ အတွေ့အကြုံ အရတော့..ပညာရေး တွေ မှာ တကယ်တော်ပီဆို.. နိုင်ငံတကာ နဲ့ယှဉ်နိုင်ပါတယ်။ ဒါပေမဲ့..အရေးကြီးတာက..ခု ခေတ်မှာ..ပညာတခုထဲ..ချွန်နေလို့မရပါဘူး။ ခေတ်အမြင်..ကမ္ဘာ့အခင်းအကျင်းနားလည်မူး..သဘောထား ကျယ်ပြန့်မူ..နှလုံးရည် ကြွယ်ဝမူ.. အနဲဆုံး..ဘာဘွဲ့မှ မရ ချင်နေ.. လူ့ဘောင်တာဝန် ထမ်းဆောင်နိုင်မူ နဲ့ တိုင်းတာ လာ ဖို့လိုလတယ်။

ကလီရှေးတခုကတော့..စာတော်လေ- အတ္တဆန်လေပဲတဲ့ ။ ဟုတ်မဟုတ်တော့..မစွပ်စွဲ တတ်ပါ။
အနှစ်ချုပ်ရ ရင်တော့.. တော်ဖို့ ညံ့ဖို့ ဆိုတာ..မြို့မငြိမ်းရဲ့ စကားလေးလို..ခေတ်မှီမှီ ကမ္ဘာ့ကြည့်-ကြည့်မြင် နိုင်မူ နဲ့ ..သဘောထားကြီးမူ - တို့ကို အရင် တည်ဆောက်နိုင်မှ- ဖြစ်မှာပါ။

ဗမာတွေ မညံ့ပါ။ ညံ့သလိုဖြစ်နေတာပါ။

Anonymous said...

ဘာပြောရမှန်းတောင် မသိတော့ဘူးး)

Anonymous said...

ပုံစံခွက်ထဲမှာ အခွင့် အခါမသာ ဖြစ်နေကြတာပါ။

ပျံသန်းခြင်းရပ်ဝန်း said...

အဓိက ကတော့ ကံ၊ဥာဏ်၊၀ီရိယပေါ့ဗျာ..။
ကံမရှိဥာဏ်ရှိတိုင်းမွဲဆိုသလို၊ ဥာဏ်ရှိပြီး
ဝီရိယစိုက်ထုတ်မှုမရှိခဲ့ရင်လည်းအလကားပါပဲ..။
ဒီတော့အဲဒီ ၃ မျိုးမှာမှ..ကိုယ့်ဘက်ကရာနုန်းပြည့်အပိုင်သေချာ
ရှိနေတဲ့
ဟာကဘာလဲ၊ဘယ်လောက်သွားမှခရီးရောက်မလဲဆိုတာတော့
အသိသာကြီးမြင်နေရပါတယ်..။

Anonymous said...

ဒီခေါင်းစဉ်လေးကို ကျွန်တော်လည်း သဘောကျပါတယ်။

မြန်မာလူငယ်တွေ များသောအားဖြင့် မညံ့ပါဘူး၊ ဒါပေမယ့် ညံ့ဖို့ ရာ ၊ ညံ့တယ်လို့ ထင်ဖို့ရာ၊ ညံ့သွားစေဖို့ရာ
အကြောင်းတရားတွေကတော့ မြန်မာလူငယ်တွေရဲ့ ပတ်ဝန်းကျင်မှာ တစ်ပုံတစ်ပင်ပါပဲ။

ကျွန်တော့် သူငယ်ချင်းကောင်လေးတစ်ယောက်ရှိတယ် သူက ၀ါသနာပါတာက ဆေးကျောင်း
တကယ်လည်း အမှတ်မီတယ်၊ ဒါပေမယ့် သူ့ အမေက အတင်း စလုံးကို ပို့လိုက်လို့
အခု စလုံးမှာ ကျောင်းလာတတ်နေရတယ်။ ကျွန်တော်နဲ့တွေ့ရင် အမြဲတမ်းသူ ညည်းတတ်တယ်။
သူတက်နေရတဲ့ ကျောင်းက သူ့ဝါသနာနဲ့ မကိုက်ဘူးဆိုတာကိုပေါ့ဗျာ။
တကယ်လို့ သူအလုပ်ခွင်တစ်ခုကို ရောက်တဲ့အခါ သူဝါသနာမပါတာနဲ့ သူစိတ်ဝင်စားတာကို
မလုပ်ရတဲ့အတွက် သူ့ အလုပ်အတွက် သူဟာ perfect ဖြစ်မယ့် လူတစ်ယောက်ဖြစ်လာမယ်မထင်ဘူး။
ဒီလို perfect မဖြစ်တဲ့ သူတစ်ယောက်ကို ညံ့တယ်လို့မြင်ရင် သူ့အပြစ်မဟုတ်ဘူးဗျ။

နောက်တစ်ယောက်ရှိသေးတယ်၊ သူကတော မိန်းကလေးဗျ။ သူက စာသိပ်တော်တယ်။ ဒါပေမယ့်
သူ့မှာ ညီအကို မောင်နှမများလေတော့ မိသားစုတာဝန်ကို သူဝင်ထမ်းရတယ်၊ ဆယ်တန်းအောင်တော့
သူ့အမှတ်က သိပ်ကောင်းပြီး သူဝါသနာပါတဲ့ ပိသုကာ လိုင်းကို မှီတယ်။ ဒါပေမယ့် စားဝတ်နေရေးနဲ့
မိသားစုတာဝန်တွေ ရှိနေလေတော့ သာမန်အဝေးသင်ကိုပဲ ရိုးရိုးဘွဲ့လေးယူပြီး အဓိကကျတဲ့အပိုင်းကို
ဦးစားပေးလိုက်တယ်။ ဒါဆိုရင် သူ့ဘ၀အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေက နည်းသွားပြီပေါ့။
ဒါဆိုရင် သူညံ့လို့လား မဟုတ်ပါဘူးဗျာ။

ဒါက ကျွန်တော်ဥပမာလေးနှစ်ခုပါ။ အလားတူအဖြစ်တွေနဲ့ အခြားအခြားသောဖြစ်ရပ်တွေမှာ မြန်မာလူငယ်တွေအတွက်
အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးစေမယ့် အကြောင်းတရားတွေ အများကြီးပါ။ အဲအခြေအနေတွေကို ဖယ်ရှားပြီး
အကောင်းဆုံး အနေအထားတစ်ခုဖြစ်လာတဲ့အခါမှ ကျွန်တော့်တို့ မြန်မာလူငယ်တွေဟာ တောက်မယ့် မီးခဲ တရဲရဲပါဗျာ။
အခု ကျွန်တော်ရောက်နေတဲ့ နိုင်ငံလေးမှာ သိပ်တော်တဲ့ မြန်မာ လူငယ်တွေ
အများကြီးမြင်နေရပါတယ်။ တွေ့နေရပါတယ်၊ ကာယ၊ ဥာဏနဲ့ IT နည်းပညာတွေမှာ ဦးနှောက်ဥာဏ်၊ ပညာထက်သန်ပြီး တကယ့်ကို ထွန်းထွန်းပေါက်ပေါက်နဲ့ အရာ
ရောက်တဲ့ လူငယ်တွေပါ။ ဒါပေမယ့် ရင်နာမိတာကတော့ ကျွန်တော်တို့ နိုင်ငံအတွက်မဟုတ်ဘူးဖြစ်နေတာကိုပါပဲ ...

ခင်မင်လေးစားစွာဖြင့်

GreenGirl said...

မြန်မာလူငယ်တွေ တကယ်စိတ်ရှိရင် နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်တဲ့ အနေအထားရှိပါတယ်။ မညံ့ကြပါဘူး။ ကိုယ်ကိုယ်တိုင် ကြိုးစားချင်စိတ်မရှိကြသေးတာမျိုးတွေ၊ ဘ၀ပေးအခြေခံ အကြောင်းတရားတွေကြောင့်သာ ညံ့သလိုဖြစ်နေရတာ။ တကယ်လုပ်မယ်ဆိုရင် သိပ်တော်တဲ့ ထက်မြက်တဲ့ မြန်မာလူငယ်တွေ အများကြီးရှိကြပါတယ်။

အလင်းစေတမန် said...

မြန်မာလူငယ်တွေကို စာဖတ်ဝါသနာပါအောင် ငယ်ငယ်ကတည်းက ပျိုးထောင်ပေးသင့်တယ် လို. မီသလောက်ဥာဏ်လေးနဲ.တင်ပြပါတယ်ဗျာ။

Younggun said...

တော်တယ် ညံ့တယ်ဆိုတာ ဘာကိုစံထားပြီး သတ်မှတ်မှာလဲ။ သူ့ဘဝအကြောင်းနဲ့သူ လာကြတာပဲလေ။ ကျနော့်အမြင်ကတော့ နှင်းဆီပန်းဟာလည်း နှင်းဆီပန်းလိုလှနေမယ်။ လမ်းဘေးက သာမန်ပန်းလေးကလည်း သူ့ဟာနဲ့သူ လှပနေမယ်။ သူဟာ နှင်းဆီပန်းကိုလည်း အားမကျပါဘူး။ နှင်းဆီပန်းကလည်း သူ့ကို မရှုတ်ချပါဘူး။ သဘာဝတရားက အားလုံးက သူ့ဟာနဲ့သူ့အတိုင်းလေး နေရာတကျရှိနေစေပါတယ်။ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ၊ ကျနော်တို့ ဖြတ်သန်းသွားကြရမှာပါပဲ။ ဝန်ကြီးချုပ်ချည်းပဲ လုပ်လို့မရဘူး။ ဆိုက်ကားနင်းတဲ့သူလည်း ရှိနေရမယ်။ အဲဒါ လူ့ဘောင်လောကပဲ။

Anonymous said...

အေးဗျ Younggun ရဲ့ အမြင်ကို ကျွန်တော်လည်း သဘောကျထောက်ခံမိတယ်၊ ဒူးနေရာဒူး တော်နေရာတော်ဆိုသလို လူတွေက သူ့နေရာနဲ့ သူ အံဝင်ခွင်ကျ ရှိနေတဲ့အခါမှာ သူဟာ အဲဒီပတ်ဝန်းကျင်အတွက် အသုံးဝင်၊ အသုံးတည်နေမယ်၊ ဒါဆိုရင် သူဟာ အဲနေရာတစ်ခုမှာ အကောင်းဆုံးဖြစ်နေတာပါပဲ။ ညံ့တယ် ဖျင်းတယ်ဆိုတာ ပြောလို့ မရတော့ပါဘူး။ ဆယ်တန်းကျောင်းသားစာ ကို ခြောက်တန်းကလေး မဖြေနိုင်တာကို ညံ့တယ်လို့ သတ်မှတ်လို့ မရသလိုပဲပေါ့၊ ကျွန်တော့် အမြင်ကို ထပ်ဆင့်ဆွေးနွေးတာပါခင်ဗျာ ... ။

ခင်မင်လေးစားစွာဖြင့်

ကိုပေါ said...

ညံ့တာလည်း မဟုတ်ဘူး။ ဖျင်းတာလည်း မဟုတ်ဘူး။ အခွင့်အရေးမရတာ ကိုယ့်လူရေ့။ အခွင့်အရေးမရတာ။

တော်လှ ထက်လှပါတယ် ဆိုတဲ့၊ ဖွံ့ဖြိုးလှပါပြီဆိုတဲ့ နိုင်ငံတနိုင်ငံက ကလေးတယောက်ကို ခေါ်ပြီး တောကြိုအုံကြားက လူဝံတွေ ကြားမှာ သွားပြီး ကြီးပြင်းခိုင်းရင် အဲသည်ကလေးကြီးလာတဲ့အခါ လူစကားတောင် ပြောတတ်တော့မှာမဟုတ်ဘူး။

အလားတူဘဲ မြန်မာပြည်တောကြိုအုံကြားက ကလေးတယောက်လောက်ကို ဆွဲထုတ်ပြီး ဖွံ့ဖြိုးတဲ့နိုင်ငံတခုမှာ စနစ်တကျ ပညာသင်ကြားပေးလိုက်ရင် ထက်မြက်ထူးချွန်သူတယောက် ဖြစ်လာနိုင်တာဘဲ။

ဒီတော့ မြန်မာလူငယ်တွေမှာ အဓိကလိုအပ်နေတာဟာ အခြားမဟုတ်။ အခြားနိုင်ငံကလူငယ်များနည်းတူ ပညာသင်ကြားခွင့်။ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ သင်ကြားခွင့်။

ဒီကနေ့ မြန်မာနိုင်ငံရဲ့ လမ်းကြိုလမ်းကြားမှာ ပညာသင်ကြားခွင့်မရဘဲ ပလပ်စတစ်ကောက်နေတဲ့ ကလေးငယ်တွေထဲမှာ အင်မတန် ဉာဏ်ကောင်းတဲ့ကလေးတွေ ဘယ်လောက်များများ ပါနေမလဲဆိုတာ ဘယ်သူသိနိုင်မတုန်း။

အလားတူဘဲ ချောင်းထဲမြောင်းထဲမှာ ငါးပက်နေတဲ့၊ ငါးနှိုက်နေတဲ့ ကလေးတွေထဲမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ထူးချွန်တဲ့အနုပညာရှင်တွေ ဖြစ်လာနိုင်လောက်တဲ့ အရည်အချင်းတွေ ပါတဲ့ ကလေးသူငယ်တွေလည်း ဒုနဲ့ဒေး ဖြစ်နေနိုင်တာဘဲ။

အဓိကကတော့ သူတို့ရဲ့ အစွမ်းအစကို မြှင့်တင်ပေးနိုင်တဲ့ ပညာသင်ကြားခွင့်၊ ပတ်ဝန်းကျင်အခြေအနေကို မရရှိတာဘဲ။ ဒီကနေ့ မလွတ်လပ်တဲ့ မြန်မာနိုင်ငံရေးအခြေအနေနဲ့ဆိုရင် အဲသည်လို အလဟဿ ပြုန်းတီးကုန်တဲ့ လူသားရင်းမြစ်တွေ မြန်မာပြည်မှာ ရေတွက်လို့ မကုန်နိုင်အောင်ဘဲ။ ဘယ်လောက်နှမြောဘို့ ကောင်းသလဲ။

ဒီတော့ ဘာလုပ်ရမလဲဆိုတာ သဘောပေါက်။

Apprenticeship said...

မြန်မာလူငယ်သာမဟုတ် သာမန်အားဖြင့်လူသားအားလုံးမှာ IQ တွေအတူတူနီးပါပဲ ဒါပေမယ့် အခွင့်အလမ်းနဲ့ အခွင့်အရေးတွေက တော်တယ်ဆိုတာကိုပြဖို့ တံတားကောင်း (လမ်းကြောင်းကောင်း)တွေပေါ့

Anonymous said...

မြန်မာလူငယ်အားလုံးညံ့ပါသလားမေးရင်
ဟုတ်ကဲ့..... မဖြေရဲပါဘူး။ဝိုင်းဆဲကြမှာကြောက်
လို့ပါ။ဒါပေမဲ့ ကိုယ့်ကိုကိုယ်တော့ ပြောရဲတယ်
ဘာတခုမှ သုံးစားမရတဲ့ကောင်၊ ဘာမှမသိ၊
မတတ်၊ နားမလည်တဲ့ကောင်ပါ၊
ဘာပညာမှလဲမရှိပါဘူး၊ ၁၀တန်းတောင် ကံကောင်းထောက်မလို့ ရောက်တာပါ။

အဖြူရောင်နတ်သမီး said...

မြန်မာလူငယ်တွေတင် မကပါဘူး...မြန်မာလူမျိုးအားလုံး မညံ့ကြပါ....။နိုင်ငံခြားက စက်နဲ့လုပ်တဲ့ ပစ္စည်းအတော်များများကို မြန်မာလူမျိုးတွေ လက်နဲ့လုပ်ပြီး တင်ထွင်သုံးဆွဲနေကြတာတွေ အများကြီးပါ...။
တခြားနိုင်ငံတွေလို စက်ပစ္စည်းတွေ ကောင်းလို့ကတော့...မြန်မာလူမျိုးတွေရဲ့ ဦးနှောက်ကို...လူမျိုးခြားတွေ လိုက်နိုင်မယ် မထင်ပါဘူး....။ နောက်တစ်ခုက...တက်လမ်းတွေ ပိတ်နေတဲ့ အကြောင်းရင်းတွေကြောင့်..ကိုယ့်ရဲ့အရည်အချင်းတွေကိုထုတ် ပြပိုင်ခွင့် မရကြတာရယ်...ဖြစ်ချင်တာထက်...ဖြစ်သင့်တာတွေကို ဦးစားပေးနေရတာတွေကြောင့် ပါ....။မြန်မာလူမျိုးများ...မညံ့ကြပါ....။