Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ဘ၀အမောတွေ ..ဖြေသိမ့်လိုက်


နိုးတ၀က်အိမ်မက်နဲ့ ဘ၀ပျက်ည

ဘ၀က အိမ်မက်မက်သလို
မနေ့ကတစ်မျိုး ဒီနေ့တစ်မျိုးနဲ့
ရွှေရှိတယ် ငွေရှိတယ်
လုပ်ချင်တဲ့အရာအားလုံး
ဖြစ်ခဲ့ရ...
ပြည့်စုံတဲ့ဘ၀လို့ရယ်တောင်မှ
ထင်မှတ်မှားကာ အောင့်မေ့ခဲ့ရ။

ဟော...
ဒီနေ့ကြည့်စမ်း
ဘယ်ကစပြီး ဘာတွေကိုလုပ်လို့
ဘယ်အရာက စရမယ်ဆိုတာ
တွေးကြည့်ရင်းက ရင်လေးလှတယ်
ငါ့ဘ၀ရယ်...။

ပျော်ရွှင်မှုတွေ ဆိတ်သုန်း
အောင်မြင်မှုတွေ ကျရှုံး
ငါ့ခြေထောက်တွေ ရိုက်ချိုးခံရ
ဘ၀အစိတ်အပိုင်းတွေ အရစ်ပြုန်း
ကျိုးပြတ် ကျိုးမဲ့သွားတဲ့ ဂီတာတစ်လက်လို
ဒီသံစဉ်တွေ ဒီကာရံတွေ
ဆက်လက်ကွန့်မြူး တေးသံကြူးဖို့
လောလောဆယ်ဘ၀မယ်
မဖြစ်နိုင်တော့တယ် ...။

ဘ၀က အိမ်မက်လှလှ
တေးသွားချိုချိုတွေကို ခံစားရင်း
လွင့်မျောရင်း ကာရံတွေသီ
အချိန်တွေလည်း အလီလီ
ကုန်လွန်ကွယ်ပျောက် တမိုးသောက်တော့
အိမ်မက်တွေက နိုးထငါ့ဘဝ
ဘ၀ဆိုတာ ဒါလားလို့
ငါ ..အခုမှ ဂဃနဏ
သေချာခံစား နားလည်ထားလိုက်တယ် ...
အဲဒီ့အချိန်ကျမှ ငါ့ဝက
မလှမပ လဲပြိုကျနေပြီ
နိုးတစ်ဝက်အိမ်မက်မှာ
ဘ၀ပျက်နေခဲ့တာပါလား ...။

မျှော်လင့်ချက်တွေ ရင်မှာရှိနေသရွေ့တော့
မနက်ဖြန်ဆိုတဲ့ ဘ၀ရဲ့နေ့သစ်တွေ
သာယာစိုပြေနေဦးမယ် ထင်ပါရဲ့ ...
မနေ့ကဆိုတာ အိမ်မက်
မနက်ဖြန်ဆိုတာ မျှော်လင့်ချက်(အနာဂါတ်)
ဒီနေ့က လက်ရှိဘဝ
ဒီအချိန်မှာ ငါနိုးထကာ
ကြိုးစားရမှာပဲလေ ...။

အင်း ...
စုတ်ပြတ်ကြမ်းတမ်းလှတဲ့ဘ၀နဲ့
လောကဓံရဲ့ မုန်တိုင်းထန်ထန်မှာ
ပန်းတိုင်ဟာ ဘယ်လောက်ပဲ
မသဲမကွဲ ဝေးနေစမ်းပါစေဦးတော့
ငါတို့တွေ ဒီခရီးကိုကို အနိုင်ဖြတ်ကူးကြတာပေါ့ ...။

photo : google image

ဆက်ဖတ်ကြည့်မယ်......

အမေသို့ ... တမ်းချင်းများ


“ အမေသို့ ”

အမေ ...
စာမလာ သတင်းမကြား
အဝေးဆီမှာ ရောက်နေရတဲ့
သားတေလေကို ခွင့်လွှတ်ပါနော် ...။

အမေ...
လွမ်းရေးထက် ဝမ်းရေးခက်မို့
အမေ့ရင်ခွင် အေးရိမ်မြုံအောက်က
ပြေးထွက်ခဲ့တဲ့ ကျွန်တော့်ရဲ့
အဖြစ်အပျက်ကို မကြည့်ရက်မှန်း
သားသိပါတယ် အမေရယ် ...။

အမေ ...
သားမရှိတဲ့ နေရပ်ရွာမှာ
တိုင်းတပါးက သားအတွက်
ရတက်မအေး ပူးဆွေးသောကနဲ့
နေ့စဉ်ရက်ဆက် လွမ်းလျက်နေတာ
သားသိပါတယ် အမေရယ် ...။

အမေ ...
အမေတစ်ယောက်တည်း ရပ်တည်ဆဲပဲ
အမေ့အပါးမှာ ချစ်သားမရှိချိန်
နေကောင်းကျန်းမာ ရှိပါလေစ
ညစဉ်ညတိုင်း တွေးမိလေတိုင်း
သားလေ .. အိပ်ရေးမဝခဲ့ရဘူး ...။

အမေ ...
ရွှေပြည်တော်ကို ပြန်လာလိုလည်း
သားရည်မှန်းချက် တဝက်တပျက်
ခရီးဆက်ဆဲ ဘဝထဲမို့
ရွှေပြည်တော်ပြန် အိမ်မက်ခရီးက
မျှော်တိုင်းဝေးဆဲပါ အမေ ...။

အမေ ...
ရည်မှန်းချက်တွေ ပြည့်ဝ
အနာဂါတ်တွေ လှပတဲ့
တစ်နေ့နေ့တော့ ပြန်လာခဲ့မယ်နော် ...။


photo : google image.

ဆက်ဖတ်ကြည့်မယ်......

တိုင်းတပါးက အဖြစ်အပျက်မှန်တွေ အမြန်ဆုံးသိနိုင်ကြပါစေ...


သူငယ်ချင်းများသို့ ...

သူငယ်ချင်းရေ...
မင်းကြီးပြင်းလာတဲ့ မွေးရပ်ဌာနေ
မြန်မာပြည်မှာ ငါလည်းမင်းလို
ဖြတ်သန်းရင်း ကြီးပြင်းခဲ့ရဖူးပါတယ်...။

ဒါပေမယ့်... ဘ၀ဆိုတာ
တစ်နေရာတည်းမှာ တစ်သတ်မတ်တည်း
ပုံသေကားချပ် ဆက်တည်မြဲချင်မှ မြဲတာလေ...

တိုးတက်မှုဆိုတာ နေရာတကာမှာ
ခေတ်နောက်ကျနေတဲ့ မြန်မာပြည်ရဲ့
အခြေအနေ ဖြစ်ရပ်မှန်တွေကို
ငါသိခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့
မြန်မာပြည်ရဲ့ အလုပ်တွေကရှားပါး
မိသားစုစားဝတ်နေရေး အခြေအနေတွေက
တစ်နေ့ထက်တစ်နေ့ ပိုလို့ဆိုးရွားလာရင်း

ကြီးပွားရေးလမ်းစ အစရှာမရတဲ့
ကိုယ့်တိုင်းပြည်မှာ အနေကြာလာချိန်
ရင်ဆိုင်နေရတဲ့ ဘ၀နေ့ရက်တွေကို
ငါပိုပိုပြီး ခါးသီးလာမိတယ်...။

အဲဒီ့နောက် ...
ဘ၀ကိုလည်းနာကျည်း ငါ့တိုင်းပြည်ကြီးကိုလည်း

ခေတ္တနှုတ်ဆက်ပြီး တိုင်းတပါးမှာ
ဘ၀တိုးတက်ရာ လမ်းအစ ဖွေရှာခဲ့တယ် ...။

သူငယ်ချင်းရေ ...
တိုင်းတပါးက ကြုံဆုံရတာတွေ
ငါသိခဲ့ရတဲ့ ဘ၀အသိတရားတွေ
လောကသစ္စာတရားတွေ မင်းသိစေချင်လို့
မင်းကိုလေ..ဖောက်သည်ချ ပြန်ပြောပြရဦးမယ် ...။

သူငယ်ချင်းရေ ...
တိုင်းတပါးဆိုတာ ရေလည်းခြားသလို
မြေလည်းခြားတယ် လူမျိုးခြားတယ်
ဘာသာတရား ယဉ်ကျေးမှုများဆိုရင်
ပိုလို့ပင် ကွာခြားသေးတယ် ...။

ဘာသာစုံ ဓလေ့စုံ ယဉ်ကျေးမှုတွေစုံ
လူမျိုးတွေကလည်းစုံလို့ အကုန်စုံစီနဖာဖြစ်နေတာ
တိုးတက်တဲ့ ဒီမိုကရေစီ တိုင်းပြည်ကပါ ...။

ဒါပေမယ့် ..သူငယ်ချင်းရယ်...
အဲဒီ့ စုံစီနဖာ တိုင်းပြည်ကြီးမှာ
ကြာရှည်အောင် ငါမပျော်နိုင်ပါဘူး ...။

ဘ၀ဆိုတာ ...
တစ်ခုခုကိုပေးဆပ် စွန့်စားပြီးမှ
လိုချင်တာကို ရယူပိုင်ဆိုင်ရတာမျိုး
ဘ၀ဆိုတာ...
ထိုက်ထိုက်တန်တန် ကိုယ့်ဘက်က
တန်ပြန်မပေးဆပ်ဘဲ အချောင်ရလိုက်တာတွေ
မရှိသလောက် နဲပါးပါတယ်...။

ဘ၀အတွက် ပေးဆပ်မှုတွေ
နစ်နာဆုံးရှုံးလိုက်ရတဲ့ အဖြေစ်တွေဟာ
သူတပါးတိုင်းပြည်မှာ ပိုဆိုးပါတယ် သူငယ်ချင်းရာ...။
ကိုယ့်အသက်ကိုယ် ဖက်နဲ့ထုပ်လို့
သေခြင်းတရားကို ထွေခင်းကစားရင်း
တိုင်းတပါးမှာ ဘ၀ရှင်သန်နေရတာဟာ
ကိုယ့်အတွက်တော့ ကျီးလန့်စာစားဘဝ
မ၀တ၀လေကို ရှုရှိုက်နေရသလိုမျိုး
ရေရေရာရာ ခိုင်ခိုင်မာမာ
ကိုယ့်အတွက်ဆိုတာ ဘာမှအသေအချာ
မရှိသလောက်ပါပဲ သူငယ်ချင်းရယ် ...။

ထပ်ပြောရဦးမယ် သူငယ်ချင်းရေ ...
ငါအထင်ကြီးထားတဲ့ နိုင်ငံခြားမှာလေ
ထင်ထားတာနဲ့ တယ်ခြားနားပါတယ်
နိုင်ငံခြားရောက်မှ ငါ့စိတ်ဓါတ်တွေ
အကြိမ်ကြိမ် ပျောက်ကျခဲ့ရဖူးတဲ့
ငါ့နေ့ရက်တွေကို ပြန်မရေတွက်နိုင်အောင်ပါပဲ ...။

ပထမအစမှာ ငါယိုင်လဲလာတယ်
တဖြည်းဖြည်းနဲ့ ငါယိုင်လဲနေတဲ့ ခြေထောက်ကို
အားတင်းကြိုးစားရင်း ပြန်လည်ခိုင်မြဲအောင်
ပြန်လည်ရပ်တည်ကြိုးစားရတယ် ...။

ငါ့နဘေးနားက လူငယ်တွေတချို့လည်း
ဘ၀တွေ ယိုင်လဲပြိုကျကုန်တယ် ...။
တချို့အားတင်းပြီး မျှော်လင့်ချက်ထား
အနာဂါတ်အတွက်အားတွေနဲ့ ပြန်ထကြတယ် ...။

တချို့အားလျှော့ပြီး မျှော်လင့်ချက်မဲ့
အနာဂါတ်တွေပျောက်လို့ ဘ၀ကိုအရှုံးနဲ့
ရင်ဆိုင်သွားကြတယ် ...။

ငါကတော့ အပြုံးနဲ့ ရင်ဆိုင်လိုက်တယ် ...။

တစ်ကယ်တော့ .. တိုင်းတပါးဆိုတာ
ရေမြေလေထု ကိုယ့်အတွက် ခိုင်မာမှု မရှိဘဲ
ကြာရှည်ဘ၀ ရပ်တည်ကြမယ်ဆိုရင် ...
အဆင်မပြေမှုတွေ များစွာနဲ့ပဲ
ဆက်လက်ကြုံတွေ့နေကြရဦးမှာပဲလေ ...။

ငါ့နဘေးနားက လူတွေ တချို့ ဒုက္ခတွေရောက်နေကြချိန်
ငါကိုယ်တိုင်ကလည်း ဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရချိန်
ငါသူတို့ကို ကယ်တင်ချင်ပေမယ့် ဘာမှမတတ်နိုင်ပါဘူး ...။
ငါတတ်နိုင်တာလေးတော့ ငါလုပ်လိုက်ပါတယ် ....။

အဝေးမြန်မာပြည်က သူငယ်ချင်းများ
တိုင်းတပါးက အခြေအနေမှန်တွေကို
အမြန်ဆုံးသိနိုင်ကြပါစေလို့
ကဗျာမပီ စာမညီတဲ့
ဒီခံစားချက်တွေကို
ပုံဖော်ထုတ်ရင်း ငါအနိုင်နိုင်
ကာရံတွေသီကာ ရေးစပ်လိုက်တယ် ....။

အဝေးက သူငယ်ချင်း
(၆-၁၀-၂၀၀၉)

ဆက်ဖတ်ကြည့်မယ်......

အဝေးရောက် လူငယ်များအတွက် ဘ၀ အမောပြေ..အလွမ်းပြေ

အဝေးကအမေ သိစေချင်တယ်

တစ်ကယ်တော့... အမေရယ်...
နိုင်ငံရပ်ခြား တိုင်းတပါးဆိုတာ
အမိမြေနဲ့ ခွဲခွာဖူးသူတိုင်း
သိခဲ့ကြတဲ့ အသိတရားတစ်ခုက
တစ်ဘ၀တာမဟုတ်ဘဲ တစ်ခဏစာအလုပ်လုပ်ဖို့
ရောက်လာခဲ့ကြတာပဲ မဟုတ်လား....?။

တစ်ကယ်တော့... အမေရယ်...
နိုင်ငံခြားမှာ အလုပ်သွားရှာတာဟာ
အဆင်မပြေတဲ့ ဘ၀ရဲ့အကြပ်အတည်းတွေကို
ဖြေရှင်းဖို့အတွက် ပြေးထွက်ခဲ့တဲ့ ထွက်ပေါက်တစ်ခုဆိုရင်...
ဒါဟာ...ဖြစ်သင့်တဲ့ ထွက်ပေါက်အမှန်လား...?။

တစ်ကယ်တော့... အမေရယ်...
သားတိုးထွက်ခဲ့တဲ့ နိုင်ငံခြားဆိုတဲ့
တံခါးပေါက်ရဲ့ နောက်ကွယ်မှာလေ
တွေ့ဆုံကြုံကြိုက် ရှောင်မရလိုက်တဲ့
အဖြစ်တွေက စာဖွဲ့လို့မကုန်နိုင်အောင်
များပြားလွန်းပါရဲ့ အမေရယ်...။

တစ်ကယ်တော့... အမေရယ်...
လူတွေထင်မှတ်ထားကြသလို တိုင်းတပါးမှာရှိတဲ့
အလုပ်အကိုင် ဘ၀အခွင့်အလမ်းတွေဟာ
အဆင်ပြေချင်မှ ပြေလည်ကြတာပါ
ဘ၀ခရီးလမ်း ဆုံးခန်းမတိုင်မှီ
ရည်မှန်းချက် တစ်ဝက်တစ်ပျက်နဲ့
လူငယ်တချို့ ဘ၀ရေတိမ်မြုပ်ကြရရှာတယ်...။
တချို့လူငယ်တွေ သေကြေပျက်စီးကြရရှာတယ်...။
တချို့လူငယ်တွေ ကြေကွဲစွာ ငိုရှိုက်ငြီးတွားကုန်ကြတယ်...။

တစ်ကယ်တော့...
စွန့်ရဲမှစားရတယ်ဆိုတာ တိုင်းတပါးမှာပါအမေရယ်...
ဘ၀ကိုစတေး ခန္ဒာအားပေးဆပ်လို့
အသက်သွေးချွေးနဲ့ ရင်းနှီးခဲ့ကြတဲ့နောက်မှာ
ရရှိလာမယ့် အကျိုးခံစားခွင့်တွေဟာ
ကိုယ်ပေးဆပ်လိုက်ရတာနဲ့ ထိုက်ထိုက်တန်တန် ရှိပါလေစ...။

ဒါပေမယ့်လေ... အမေရယ်...
ဒုက္ခဆိုတဲ့ လောကဓံအကြောင်းတရားတွေဟာ
လူတစ်ယောက်ရဲ့ ဘ၀ကို
ပျော့နေတဲ့ဖရောင်းကနေ သံချောင်းလိုမာအောင်
မာနေတဲ့သံချောင်းကနေ ဖရောင်းလိုအရည်ပျော်သွားအောင်
ပြောင်းလဲပစ်နိုင်တဲ့ အစွမ်းသတ္တိတွေရှိတယ်လေ...။

တစ်ကယ်တော့... အမေရယ်...
သားသိလိုက်ရတဲ့ အသိတရားတစ်ခုက
ဒုက္ခတွေတသီကြီးခံနေတဲ့ ဘ၀ခရောင်းလမ်းနဲ့
လူငယ်တွေအတွက် ဘ၀အရည်အချင်းတွေ
ဆန်းစစ်မြှင့်တင်ပေးနေတဲ့ လောကဓံကျောင်းတော်ကြီးဟာ
ဟိုးအဝေးက တိုင်းတပါးမှာရှိနေတယ်ဆိုတာ
အဝေးကအမေ မြင်ကြည့်လှည့်စေချင်တယ်....။

အဝေးကသား
(၃-၁၀-၂၀၀၉)

ဆက်ဖတ်ကြည့်မယ်......

ဂုဏ်ပြုရေးဖွဲ့ကဗျာ

ပေးဆပ်သူတို့ နှလုံးသားများ

ပြက္ခဒိန်ဟောင်း ရက်တွေပြောင်းနေ
ကျော်လွန်ဖြတ်သန်း ဘဝလမ်းတွေ
နာရီစက္ကန့် မိနစ်ဝက်မှ
တစ်ရက်မှသည် တစ်ပါတ်ဆီထိ
ရာသီတွေသာ အလီလီပြောင်း
ကုန်လွန်မှုပေါင်း အကြိမ်ထောင်သောင်း
ရှိခဲ့လေပြီ အတိတ်ဆီတွင်...

စိတ်အစဉ်သည် တရွေ့ရွေ့လှိမ့်
အတိတ်ကိုခေါက် နောက်ပြန်လျှောက်ကြည့်
မမြင်သော်လည်း စိတ်ကူးထဲမှာ
ပုံဖော်နိုင်သည် အာရုံဆီထိ

နံရံမှကြား စကားများလည်း
ရိုက်ခတ်လာသည် နားအိမ်ဆီတွင်

အမှောင်တွေလွှမ်း ဘဝလမ်းလည်း
လျှောက်ခဲ့ဖူးသည် အတိတ်ဆီတွင်

အသက်သွေးချွေး အစဉ်မနှေးဘဲ
ပေးဆပ်ခဲ့သည် အတိတ်ဆီတွင်

အမြင်ကိုဖျက် သော့တွေခတ်လျက်
သူတို့နှလုံးသား လှောင်ချိုင့်မှာထား
ဆယ်စုနှစ်ရှည် ကြာမြင့်လေအောင်
စတေးခဲ့ပြီး အတိတ်ခရီးတွင်

သူတို့ထားလျက် ယုံကြည်ချက်နဲ့
မျှော်လင့်ထားဆဲ ဘဝထဲမှာ
ကိုယ့်အတွက်ဆိုတာ ဘယ်အရာလဲ..?

သူတို့ကြည့်တာ အနာဂတ်မြန်မာ
သူတို့ပေးဆပ်တာ အနာဂတ်မြန်မာ
သူတို့ပေးအပ်တာ ပြည်သူများအတွက်ပါ
ကိုယ်ကျိုးမဖက် အများအတွက်
ပေးဆပ်သူများ နှလုံးသားပါ။

ဆက်ဖတ်ကြည့်မယ်......

အမြင်

ဘလော့ဂါလောက

ဘလော့တွေအလယ် လျှောက်ကာလည်ပတ်
တစ်ရက်ပြီးတစ်ရက် ရက်ချင်းဆက်လည်း
ပန်းတွေမြိုင်မြိုင် ပွင့်ကြသလို
ဘလော့တွေလှိုင်လှိုင် မရိုးမကုန်နိုင်
ပေါကြပါသည် အင်တာနက်ဆီ...

တချို့ကရေး နိုင်ငံအရေး
တချို့ကမူ အချစ်ဟူသည်
တချို့ရေးပြန် ဒဿနဆန်ဆန

တချို့ကြတော့ ဟာသပေါ့လေ
တချို့တွေ့ကြုံ ဘဝအဖုံဖုံ
တချို့တွေက ဗဟုသုတ
စုံလင်လှသည် ဘလော့ပြည်ခေါ်
အင်တာနက်ပေါ်တွင် ဘာပင်တင်တင်
လွတ်လပ်စွာပင် ဖလှယ်အမြင်တွေ
ဘလော့ကမ္ဘာမြေ လည်ပတ်နေပြီ...

ဘလော့အကြောင်း တွေးရင်းပေါင်းစပ်
ကောက်ချတစ်ခု ရေးချခုပင်
ဘယ်တော့မှမရိုး ဘလော့တန်ခိုး
လွတ်လပ်စွာတွေး လွတ်လပ်စွာရေး
အမြင်ကိုထောင်ချ အမှောင်လောက
ကျဉ်းမြောင်းမှုဆိုတာ ဘလော့ကမ္ဘာမှာ
မရှိသေးတာ အမှန်ပါ။


မှတ်ချက်လက်ရှိကြုံတွေ့နေရသော ယေဘူယျအမြင်အနေအထား အပေါ်မူတည်ပြီး ခြုံငုံရေးဖွဲ့ ထားခြင်း ဖြစ်ပါသည်။ အားလုံးတူညီရမည်ဟု တထစ်ကျ မဆိုလိုချင်ပါ။

ဆက်ဖတ်ကြည့်မယ်......

လွမ်းရင်ဖတ်ပါ...

ဒီဇင်ဘာမှ အလွမ်းညများ

မြောက်ပြန်လေညှင်း
တိုက်ခတ်ရင်းမှ
ချမ်းစိမ့်လာပြီ
ဆောင်းရာသီဝယ်
မြူတွေလည်းဆိုင်း
မှုံရီမှိုင်းမှိုင်း
နှင်းစက်မြေအောက်
တပေါက်ပေါက်ကျ
မြေပေါ်မှာခ
စိုစွတ်ကြသည်...

နှင်းတွေဝေပြီ
ဒီဆောင်းဆီတွင်
အလွမ်းသယ်ပြီ
ချစ်သူ့ဆီကို
အတိတ်ပန်းချီ
ဟိုဆောင်းဆီသို့
ပျံ့လွင့်ထွက်သွား
အတွေးများက
တစစမြင်
ပုံရိပ်ထင်ထင်
တသသပင်
ဆွေးတမျှင်မျှင်
ရှိနေချေပြီ
ချစ်သူ့ဆီဝယ်...

သြော်..တမ်းတရ
လွမ်းဆွေးကြတဲ့
ဒီဇင်ဘာမှ
အလွမ်းညများ။

(မှတ်ချက်ချမ်းအေးသော ဒီဇင်ဘာလတွင် ချစ်သူဆီသို့ အလွမ်းသယ်နေကြသူများအတွက် ခံစားရေးဖွဲ့ ထားခြင်း ဖြစ်ပါသည်။)

ဆက်ဖတ်ကြည့်မယ်......

အဝေးရောက် ကိုရွှေမြန်မာများအတွက် ကဗျာလက်ဆောင်


ပြန်ချင်နေပြီ မြန်မာပြည်ဆီ

ချစ်သူ့မျက်နှာ
လပြည့်ဝင်းသာ
ပမာပုံဆောင်
ရှုချင့်ယောင်ဖွယ်
စွဲစွဲလန်းလန်း
အသဲပန်းလောက်
မြတ်နိုးခဲ့သည်
ချစ်မဒီရေ...

တစစဖြင့်
ချစ်သူနှင့်ကိုယ်
ကံရယ်အကြောင်း
မဆုံပေါင်းဖို့
သူဖန်တီးထား
ကြမ္မာများလား
တစ်ခဏတာ
တစ်ဘဝစာလား
အတိအကျ
သိမရတဲ့
ဒီဘဝမှာ
တို့ခွဲခွာကာ
ဝေးခဲ့ရပြီ
ချစ်မဒီရေ...

ရေမြေတွေခြား
တိုင်းတပါးသို့
ရောက်ခဲ့ချိန်တိုင်
မမေ့နိုင်တဲ့
ဟိုရင်အတိတ်
အချစ်စိတ်က
တစိမ့်စိမ့်ပင်
တိုးကာဝင်လာ
နှလုံးသားမှာ
တွယ်တွယ်တာတာ
ချိန်ခါမလပ်
တလှပ်လှပ်ဖြင့်
တုန်ရီနေသည်
အသဲအိမ်ဆီ...

ရှေ့ရေးတွေးခေါ်
ကြိုတင်မျှော်ကာ
သာယာပျော်ရေး
ဘဝရေးတွက်
အလုပ်တွေကို
အချိန်ပိုဖြင့်
ကြိုးကြိုးစားစား
မနေနားဘဲ
ဆောင်ရွက်ခဲ့သည်
ချစ်မဒီရေ..

တမိုးကုန်ပြီ
တဆောင်းဆီရောက်
တနွေပေါက်ကာ
တမိုးလာပြန်
ဒီမိုးလည်းကုန်
နောင်ကဆုန်သို့
တစ်နှစ်ကူးပြောင်း
တန်ခူးနှောင်းမှ
ရက်တွေလည်းဟောင်း
ရာသီပြောင်းလဲ
တဖျတ်ဖျတ်လူး
ရော်ရွက်နူးတွေ
မြေမှာဝဲခ
ပျံဝဲကျချိန်
ပြန်ချင်နေပြီ
မြန်မာပြည်ဆီ။


(မှတ်ချက်။ မိမိဘဝခံစားချက်များမဟုတ်ဘဲ အဝေးရောက် ကိုရွှေမြန်မာများအတွက် ရည်ရွယ်ပြီး ခံစား သရုပ်ဖော် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။)

ဆက်ဖတ်ကြည့်မယ်......

ပထဦးဆုံး ရေးဘူးသော ကဗျာ

'' မလှမ်းဝံ့သူ ''
ကိုယ်နှစ်ခြိုက်လို့ ခူးလိုက်ချင်လည်း
မလှမ်းဝံ့တဲ့ ပန်းတစ်ပွင့်မို့
မမှီတဲ့ပန်း တုံးခုမလှမ်းလိုတော့ပါ...။
(တက်လုငယ်)

ဆက်ဖတ်ကြည့်မယ်......