Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

ဘလော့ဂ်နှင့် ကျွန်တော် တွေးခေါ်ဆင်ခြင်လေသော်

(၂ဝဝ၈)မှ (၂ဝဝ၉)ခုနှစ်သစ်သို့ အကူးအပြောင်းမှာ ဟိုမရောက်ဒီမရောက် ပိုစ့်(၃ဝ)ရေးခဲ့ပြီးလို့ ကိုယ့်ကိုယ်ကို ဘလော့ဂ်ဂါတစ်ယောက်တော့ ဖြစ်လောက်ပြီဟု ခံယူထားလိုက်ပါသည်။ စိတ်ထဲမှာ ဘလော့ဂ်ရေးနေရခြင်း အကြောင်းအရင်း ကိုလည်း အမြဲတမ်းပြန်လည်ဆန်းစစ် ကြည့်နေရသည်။ ရှေ့နောက်အကျိုးအကြောင်း ဆီလျော်မှု ရှိ၏၊ မရှိ၏ ဘယ်လိုယုံကြည်ချက်နဲ့ ခက်ယူချက်ကြောင့်ရေးနေရခြင်းဖြစ်သနည်း?။ ကိုယ့် အတွက်ရော ဘယ်လိုအကျိုးမျိုးတွေ ဖြစ်ထွန်းလာခဲ့သလဲ..?။ လာဖတ်တဲ့သူတွေကရော ကိုယ်ရေးတဲ့ စာတွေကို နှစ်ခြိုက်သဘောကျ လက်ခံပါ့မလား..?။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုအပေါ်တွင် ကောင်း၏၊ ဆိုး၏ ဆိုတာကိုတော့ သုံးသပ်ရ၏။ ထိုကဲ့သို့သော လား..? ပေါင်းများစွာ..လဲ..? ပေါင်းများစွာသော မေးခွန်း တွေကြောင့် ဘလော့ဂ်နှင့် ကျွန်တော် တွေးခေါ်ဆင်ခြင်လေသော် ပိုစ့်အသစ်တစ်ခုဖြစ်လာခဲ့ပါတော့သည်။

ကျွန်တော်၏ ဘလော့ဂ်ရေးခြင်းသက်တမ်းမှာ နုနည်သေးသော်လည်း ထိုက်သင့်သလောက် အတွေ့အကြုံ များစွားကိုတော့ (၃)လတာခရီး လျှောက်လှမ်းအပြီး ဘလော့ဂ်ဂါဘဝမှာ ရရှိခဲ့ပါသည်။ ထိုအတွေ့အကြုံများထဲမှ လက်တွေ့ကျကျ နားလည်သဘောပေါက်လာခဲ့သော အသိပညာလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါသည်။ ဘဝအခြေအနေ အကြောင်းအမျိုးမျိုးကြားမှ အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း ပြည်းတွင်းပြည်ပ နိုင်ငံတစ်ကာပေါင်းစုံနေ၍ စာရေးနေကြတဲ့ မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ကြုံတွေ့ သိမြင်ခဲ့ရတာလေးတွေ ဖြစ်ပါသည်။ (စာရေးတဲ့ ဘလော့ဂ်ဂါဟုဆိုရာတွင် မြန်မာစာပေကို ညစ်ငြမ်းစေသော၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အကြောင်းအရာများ၊ လူပုဂ္ဂိုလ် တစ်ဦးနှင့်တစ်ဦး အကျိုးမရှိ အပြန်အလှန်တိုက်ခိုက်သော၊ လိဒ်ကိစ္စအကြောင်းအရာများ ရေးနေကြတဲ့သူများကို စာရေးသူ ဘလော့ဂ်ဂါဟု မသတ်မှတ်လိုပါ။)

ဘလော့ဂ်ဂါတစ်ယောက်မဖြစ်သေးခင်မှာ အခြားဘလော့ဂ်တွေကို လေ့လာရင်း သူတို့တွေကို အတုခိုးအားကျမိလာတတ်ရာမှ ဘလော့ဂ်ရေးချင်စိတ်ပေါက်လာတတ်သလို၊ မိမိကိုယ်တိုင်ကိုက စာရေးခြင်းဝါသနာထုံနေသည့်အပြင် ကွန်ပြူတာ၊ အင်တာနက်နှင့်လည်း အတော်အသင့် ရင်းနှီးကျွမ်းဝင်မှု စတဲ့အခြေခံအရည်အချင်းတွေရှိပါမှ ဖြစ်လာနိုင်ပေမည်။ အဓိကအချက်ကတော့ စာရေးခြင်းသည် အနုပညာတစ်ခုသဖွယ်သည့်အလျှောက် ဝါသနာထုံတဲ့စိတ်ရှိပါမှ ဘလော့ဂ်ဂါတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်ပေမည်။

တစ်ချို့ကတော့ အချစ်ကြောင့် အသဲကစားရင်း စိတ်လှုပ်ရှားစပြုကာ ကိုယ်တိုင်ကလည်း စာရေးချင်တဲ့စိတ် ဗီဇဓါတ်ခံလေးရှိနေတော့ နှလုံးသားထဲက မနေနိုင် မထိုင်နိုင် ပွင့်ထွက်လာတဲ့ ကဗျာတွေ၊ စာတွေကို ဘလော့ဂ်ထဲမှာ ပုံချရင်း ကဗျာဆရာတွေ၊ အလင်္ကာဆရာတွေတောင် ဖြစ်လာကုန်ကြသည်။ တစ်ချို့ကတော့ အချစ်ကြောင့် အသဲကွဲရင်းမှ ကဗျာတွေ၊ စာတွေပွင့်ထွက်လာရင်း ဘလော့ဂ်ဂါ ဖြစ်လာခဲ့ပုံရပါသည်။ ရေးရင်းရေးရင်း ခံစားချက်တွေ ကောင်းလာသလို ကဗျာတွေ၊ စာတွေဟာလည်း ပြောင်မြောက်လာကြသည်။

တစ်ချို့ကတော့ နိုင်ငံရေးစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်ပြင်းထန်လာသဖြင့် မြန်မာအစိုးရ၏ နေ့စဉ်ထုတ် တရားဝင် သတင်းစာမျက်နှာပေါ်တွင် မပါရှိသော သူတို့ရဲ့ရင်ထဲက အမှန်တရားတွေကို လွတ်လပ်သော ဘလော့ဂ်အပေါ်မှာ နေ့စဉ်နှင့်အမျှ စေတနာဗလပွနှင့် ဖော်ကြူးပြသခဲ့ကြလေသည်။

တစ်ချို့ကတော့ ဘဝမှာမှာတွေ့ကြုံခဲ့ရပုံတွေကို ဒိုင်ယာရီအလား ဘလော့ဂ်မှာ ရေးထားကြလေသည်။ ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်ခံစားချက်တွေကို ဘလော့ဂ်မှာ ပုံချကြသည်။ မိမိကိုယ်တိုင်လည်း လုပ်ခဲ့ဖူးပါသည်။ အပြန်အလှန်ဖတ်ပေးကြတဲ့ ဘလော့ဂ်ဂါတွေရဲ့ အားပေးနှစ်သိမ့်မှုတွေကြောင့်၊ စကားလက်ဆောင်တွေကြောင့် လန်းဆန်းတက်ကြွခဲ့သလို၊ အားတက်သရောလည်း ဆက်ရေးဖြစ်ခဲ့မိပါသည်။ တစ်ကယ်တော့ ဘလော့ဂ်ရေးခြင်းဟာလည်း ဘဝဒိုင်ယာရီ စာမျက်နှာအပိုင်းအစ တစ်ခုဖြစ်ပါသည်။ ဘဝစာမျက်နှာအပြည့် ဘလော့ဂ်မှာ ဆက်ရေးသွားမယ်ဆိုရင်တောင် ရနိုင်ပါသည်။

တစ်ချို့ကတော့ ဗုဒ္ဓဘုရား၏ တရားဓမ္မတော်ဆိုင်ရာများ ရေးသားကြပြီး လောကမှာ အေးချမ်းစွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ရှိနေစေချင်သော ဘလော့ဂ်ဂါများဖြစ်ကြသည်။ တစ်ချို့ကတော့ ဗေဒင်အတတ်ပညာ ဆည်းပူးလေ့လာထားသမျှတွေကို ရေးနေကြပြီး အပြင်မှာတောင် ဟောစားလို့ရလောက် ကောင်းတဲ့ စေတနာရှင် ဘလော့ဂ်ဂါများဖြစ်ကြလေသည်။

တစ်ချို့ကတော့ ဘဝဒဿနတွေကို ဘလော့ဂ်မှာ ရေးပြကြသည်။ နည်းပညာဆိုင်ရာဗဟုသုတွေကို ပြန်လည်ဝေငှပေးကြသည်။ တစ်ချို့ဘလော့ဂ်များဟာဆိုရင် စွယ်စုံကျော်ထင်လောက်အောင် အရေးအသား၊ အကြောင်းအရာကော၊ ဗဟုသုတကော အဘက်ဘက်က ပြည့်စုံကောင်းမွန် နေကြ လေသည်။

တစ်ချို့လည်း အဝင်တော့ ကောင်းပြီး ဘဝအခြေအနေ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊ မိမိကိုယ်တိုင်က စိတ်မပါတော့လို့ဖြစ်စေ တစ်ဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားတတ်ကြပြန်သည်။ အမှန်တရားဖော်ထုတ်တဲ့ ဘလော့ဂ်ဂါတစ်ယောက် ဆုံးရှုံးသွားရခြင်းအတွက် နှမြောဖို့ကောင်းပါသည်။ မိမိကိုယ်တိုင်ကလည်း ဘဝအနေအကြောင်းအရင်း အမျိုးမျိုးကြောင့် ရံဖန်ရံခါ ဘလော့ဂ်ကို ပိတ်ပြီး တိတ်တဆိတ် ကျောခိုင်းနှုတ်ဆက်ထွက်ခွာသွားဖို့ အကြိမ်ကြိမ် စိတ်ကူးမိခဲ့ဖူးပါသည်။ သို့ပေမယ့် စာရေးခြင်းအစ ဘဝမှတ်တိုင်ဖြစ်တဲ့ ဤဘလော့ဂ်လေးကို မစွန့်ခွာရက်ခဲ့ပါ။ ကိုယ့်လိုဖြစ်နေသူများကို တွေ့ရင်လည်း ခံစားချက်ခြင်းတူစွာ စာနာ နားလည်မိပြီး အားပေးခဲ့စမြဲပါ။

ဤကဲ့သို့ ဝါသနာရှင်အမျိုးမျိုးရဲ့ နှလုံးသားမှ ဖြစ်တည်အရင်းခံထားတဲ့ စေတနာရှင် ဘလော့ဂ်များစွာ ပေါ်ထွန်းလာခဲ့ကြလေသည်။ ဘလော့ဂ်တွေပေါ်လာမှ စာအရေးအသားကောင်းတဲ့ ရွက်ပုန်းသီးလေးတွေရှိမှန်း သိလာရတယ်လို့ နာမည်ကြီး ဘလောဂ့်ဂါတစ်ဦးက သုံးသပ်ထားပါသည်။ အမှန်တစ်ကယ်လည်း ဟုတ်သည်။ ဘဝအခြေအနေ အကြောင်းအရင်း အမျိုးမျိုးကြောင့် စာရေးဆရာ/ဆရာမတွေ မဖြစ်လာဘဲ အခကြေးငွေယူပြီး စာရေးမစားကြရုံတစ်မယ် အရေးအသား ကောင်းမွန်တဲ့ ဝါသနာရှင် ဘလော့ဂ်ဂါတွေကို တွေ့နေမြင်နေရသည်။ လောကကြီးရဲ့ဘယ်နေရာမှာမှ ရှာလို့မတွေ့နိုင်တဲ့ အမှန်တရားစစ်စစ်တွေကို ဘလော့ဂ်လောကမှာတင် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။ ထိုကဲ့သို့ ဘလော့ဂ်အမျိုးအစားပေါင်း စုံလင်လှသော ဘလော့ဂ်ဂါရပ်ဝန်းမှာ သူတို့တွေ ဘာအတွက်ကြောင့် ဆက်လက်ရပ်တည်နေကြတာလဲ..?။ မြန်မာပြည်က စာ၊ နယ်၊ ဇင်းတွေမှာ ရေးကြသူများလို စာမူခလည်းရသည်မဟုတ်။ တစ်စုံတစ်ရာ အကျိုးခံစားခွင့်များလည်း ရသည်မဟုတ်။ ဘလော့ဂ်ဂါတွေရဲ့ရပ်တည်ချက်တွေကို စဉ်းစားကြည့်လိုက်တော့ အဖြေကရှင်းရှင်းလေးပါ။

၁။ မိမိတို့ ယုံကြည်ချက်၊ ခံယူချက်၊ ဘဝရပ်တည်ချက်အမြင်နှင့် ဝါသနာအလျှောက် စာရေးချင်စိတ်ရှိတဲ့ ဘလော့ဂ်ဂါတွေဖြစ်ကြပါသည်။

၂။ မိမိဘဝတစ်လျှောက် လေ့လာခဲ့သမျှ အသိပညာ၊ ဗဟုသုတ၊ အတွေးအမြင်ရသတွေကို ဝေငှ ဖော်ထုတ်ချင်သော စိတ်ရှိတဲ့ ဘလော့ဂ်ဂါတွေကြပါသည်။

၃။ တစ်ဦးနှင့်တစ်ဦး အတွေးအမြင်တွေ ဖလှယ်ကြရင်း ကောင်းကျိုးများစွာ ပေါ်ထွန်းလာစေချင်တဲ့ ရည်ရွယ်ချက်ရှိတဲ့ ဘလော့ဂ်ဂါတွေဖြစ်ကြပါသည်။

၎။ ထိုအခြေအနေမျိုးကြားမှ မိမိတို့ အချိန်ကုန်ခံလုပ်ခဲ့သမျှ ရရှိလာတဲ့ အကျိုးကျေးဇူးမှာ စာဖတ်သူ၏ အသိအမှန်ပြုတဲ့ စာစကား မှတ်ချက်လေးတွေပင် ဖြစ်ပါသည်။ ဘာနဲ့မှ လဲလို့မရတဲ့ အဖိုးတန် စာမူခတွေပါပဲ။

မည်သို့ဆိုစေ ကျွန်တော်တို့တွေ အတူတကွ လက်တွဲကာ စည်းလုံးညီညာပြီးတော့ ဟိုးအဝေးမှ မှုံရီမှုံဝါး ဆုံမှတ်တိုင်တစ်ခုဆီသို့ အရောက်လျှောက်လှမ်း သွားကြရအောင်ပါ။

ဆက်ဖတ်ကြည့်မယ်......

ဘဝ ပရိုဂရမ်နဲ့ ဆက်တက်ဦးမယ့် တက်လူငယ်

ကျွန်တော့်အတွက်တော့ ဒီဇင်ဘာလဟာ အများတကာလို ပျော်ရွှင်ကြည်နူးစွာနဲ့ လာမည့် နှစ်သစ်ကို ကြိုဆိုရမည့်အစား တသသဖြင့် လွမ်းမောဆို့နင့်စွာနဲ့ပဲ ကြိုဆိုလိုက်ချင်တော့တယ်။ ဒီဇင်ဘာလကုန်ရင် အလုပ်က အပြောင်းအလဲရှိနိုင်သလို ကောင်းချင်လည်း ကောင်းသွားမည်။ ဘယ်လိုမှ အတိအကျ ခန့်မှန်းလို့ မရတဲ့ လက်ရှိ ဘဝအနေအထားမှာ ရင်ထဲကခံစားချက်တွေကို ဖွင့်ထုတ်ပစ်ဖို့ရာ ဘလော့ဂ်မှာ ခဏခဏ သယ်လာမိခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ ဘလော့ဂ်လေးရဲ့ နှလုံးခုန်သံနဲ့ ရှင်သန်မှုလေး ရပ်တန့်မသွားအောင် ထိန်းပေးနေရချိန်မှာ ထွက်ချည်ဝင်ချည် အသက်ရှုသွင်းနေရတဲ့ ဆန့်တငင်ငင်နဲ့ ဘလောဂ်ဂါ တစ်ယောက်လို ဖြစ်နေပါပြီ။

လက်ရှိကျွန်တော်နေထိုင်ရာ ပါတ်ဝန်းကျင်မှာ ခရစ်စမတ် ပွဲတော်အတွက် အသင့်ပြင်ဆင်နေကြတဲ့ ရွယ်တူလူငယ်လေးတွေ တက်ကြွစွာလှုပ်ရှားနေကြတာတွေ့ရတော့ သူတို့ကြည့်ပြီး ကိုယ်က တစ်ယောက်တည်း ကြိတ်ကာ အဖော်မဲ့ အထီးကျန်ဆန်နေသလို ခံစားမိရပါသည်။ အနီရောင်စင်းကြား သိုးမွှေးခေါင်းစွပ်အရှည်ကြီးကို ဆောင်းလိုက်၊ ချွတ်လိုက် လုပ်ရင်း သူတို့အချင်းချင်း ပျော်ပျော်ရွှင်ရွှင် စနောက်နေကြလေရဲ့။ ကောင်လေးနဲ့ ကောင်မလေးတွေက လက်တွဲလို့ အတူနွှဲကာ ဒီဇင်ဘာပွဲမှာ ပျော်ပွဲဝင်ဖို့ ကြိုတင်ကာပြင်ဆင်နေကြလေရဲ့။ ကိုယ်ကတော့ အဲ့ဒီ့အချိန်မှာ အစီအစဉ်မကျနသေးတဲ့ ဘဝပရိုဂရမ် တစ်ပုဒ်ကို ကောင်းအောင်ကြိတ်မှိတ်ရေးဆွဲနေရတုန်း။ သက်ပြင်းတစ်ချက် အသာချလေး ချလိုက်ပြီး '' သူတို့ဘဝကို အားကျလို့ကော မင်းအတွက် ဘာဖြစ်လာမှာလဲ..? ကိုယ့်ဘဝပရိုဂရမ်ကို ကိုယ့်ဖာသာ ကောင်းအောင် ရေးဆွဲနေရာမှာ၊ ဘယ်သူမှ လာကူဆွဲမပေးဘူး၊ မင်းအဲ့ဒါကို သလေဘောပေါက်လား..? '' လို့ ကိုယ့်ကိုယ်ကို ပြန်မေးရင်း ပီပြင်တဲ့ဘဝတစ်ခုဖြစ်လာဖို့ အတွက် ရှေ့ဆက်လျှောက်ဖို့ အားတင်း ထားလိုက်မိတယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ ကျွန်တော့် နှုတ်ခမ်း တစ်စုံဟာ အလိုလို ကွေးညွှတ်သွားပြီး မချိပြုံးလေး တစ်ချက် ပြုံးလိုက်မိပါတယ်။ '' ရေရေရာရာ မရှိတဲ့ဘဝမှာ လှောင်ရယ်စရာ လောက သဘောသဘာဝတွေ အကြားထဲက ဖြစ်ချင်သလိုဖြစ်နေတဲ့ ဘဝပရိုဂရမ် တစ်ပုဒ်ပါလား '' လို့ပေါ့လေ။

လွန်ခဲ့သော အတိတ်ရှိ ဆယ်စုနှစ်(၂)ခုစာကျော်ထဲမှာ ရေးဆွဲထားခဲ့တဲ့ ဘဝပရိုဂရမ်ကို စိတ်ကူးနဲ့ လှမ်း check နေမိပြန်တယ်။ ဝိုးတိုးဝါးတားဖြင့် ဘာမှကို အားရစရာ မရှိလှ။ အပီအပြင်လုပ်ဆောင်နိုင်ခဲ့တာ တစ်ခုမှ မရှိသေးဘူးလို့ထင်တယ်။ ခံစားချက်ချင်းက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ တစ်နေ့က ကိုအိမ် ဘလော့ဂ်ဆီ ရောက်သွားတုန်း ဟိုမရောက်ဒီမရောက် ကျွန်တော် ဆိုတဲ့ပိုစ့်ကို ဖတ်လိုက်ရာတာ သူလည်း ကျွန်တော့်ဘဝ ပုံစံနဲ့ ခပ်ဆင်ဆင်ဖြစ်နေတယ်။ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်သည့် အကျင့်ကြောင့် ကျွန်တော်လည်း ဟိုတစ်တို့ ဒီတစ်တို့ ပညာလေးတွေ မတောက်တစ်ခေါက်လောက်တော့ စုဆောင်းမိခဲ့ပါသည်။ အွန်လိုင်းမှာ မိတ်ဆွေဘလော့ဂ်ဂါ တစ်ယောက် ပြောဖူးတဲ့ စကားလေးတစ်ခွန်းကို သွားပြီး အမှတ်ရမိတော့ ကိုယ့်ကိုယ်ကို အားမငယ်ချင်တော့ပါ။ '' ဘယ်အရာမဆို basics ဆိုတဲ့ အခြေခံတွေ ရှိနေဖို့ပဲလိုတယ် '' တဲ့။ သဘာဝကျကျ တွေးခေါ်ကြည့်လိုက်တော့ ဟုတ်နေသည်။ ငယ်စဉ်က ဖတ်းခဲ့ဖူးတဲ့ ပီမိုးနင်း စာအုပ်ထဲက '' တိုက်တစ်လုံးဟာ ဘယ်လောက်ပဲ အထပ်တွေများအောင် ဆောက်နေပါစေ အောက်ခြေမခိုင်ရင် (စံချိန်မမှီရင်) ပြိကျသွားမှာပဲ '' ဆိုတဲ့ စာလေးတစ်ကြောင်းကို သွားပြီးအမှတ်ရမိတယ်။ ဘယ်အရာမဆို အခြေခံရှိရုံမျှမက အဲ့ဒီ့အချိန်ခံကို စတည်ကတည်းက ကောင်းအောင် တည်ဆောက်ထားခဲ့ဖို့လိုအပ်တယ်။ '' ငါရော အခြေခံတွေ ကောင်းနေပြီလား ? '' ကိုယ့်ဖာသာ ပြန်မေးကြည့်လိုက်တော့ '' လိုအပ်ပါသေးတယ် '' ဆိုတဲ့ အဖြေပဲ ထွက်လာတယ်။

တစ်ခါတစ်ရံဘဝမှာ လုပ်ချင်တာတွေက သိပ်များလွန်းပြီး မဖြစ်လာသေးတာတွေ အတွက် အလိုမကျဖြစ်နေမိပြန်တယ်။ ဒါပေမယ့် ဘဝဆိုတဲ့ တောင်တက်လမ်းမှာ သက်လုံမကောင်း မောပြီးလက်လျှော့ ကျန်ရစ်နေခဲ့ လူတွေကလည်း အောက်မှာ မနည်းဘူး။ အထက်ကို မော့ကြည့်လိုက်ပြန်တော့လည်း ကိုယ့်ထက် ဇွဲကောင်းတဲ့၊ လုံ့လဝီရိယရှိကောင်းတဲ့ သူတွေ တစ်ချို့က အောင်လံတောင် လွှင့်ထူနေကြပြီ။ ကိုယ့်နဘေးနားမှာလည်း ဇွဲကောင်းကောင်းနဲ့ ဆက်တက်နေကြတဲ့ လူတွေကို တွေ့ရပြန်တယ်။ '' သြော်..ဒီလိုပါပဲလား '' လို့ သဘာဝကျကျ တွေးကြည့်ရင်း ပြုံးမိသေးတယ်။ ထူးထူးခြားခြား တစ်ချို့ကျတော့ ဘဝဆိုတဲ့ တောင်ကြီးမှာ အေးမြတဲ့ တရားရိပ်သာ စခန်းကြီးတွေထဲမှာ ရာသက်ပန်ဝင်ပြီး ကျန်နေရစ်ခဲ့တယ်။ သူတို့တွေကို ကြည့်ရသည်မှာ ပကတိ အေးချမ်းတည်ငြိမ် လှပပေတယ်။ ကျွန်တော်ကတော့ မောချင်မောပါစေ ရှေ့ဆက်တက်ရင် ဘာတွေ ဖြစ်လာဦးမလဲဆိုတာ သိချင်တဲ့အတွက် ဆက်တက်ဦးမည်။ ကိုယ့်နဘေးနားက အားနွှဲ့တဲ့သူတွေကိုလည်း တတ်နိုင်သလောက် ဖေးမကူညီပြီးလက်တွဲခေါ်နိုင်က ခေါ်သွားမည်။ ဘဝပရိုဂရမ် တစ်ပုဒ်ကို ဆက်ပြီးတော့ ရေးဆွဲကြည့်ချင်သေးသည်။ အဖြေက ဘာတွေ ထွက်လာဦးမလဲ..? ။ အဝေးမှာ မှုန်ရီပျပျမြင်နေ ရတဲ့ ပန်းတိုင်တစ်ခုနဲ့ ဆက်လျှောက်ရမည့် ဘဝလမ်းတစ်လျှောက်ကို လှမ်းမျှော် ကြည့်လိုက်ရင်း '' ဘဝ ပရိုဂရမ်နဲ့ ဆက်တက်ဦးမယ့် တက်လူငယ် '' ပါလားလို့ လေသံတိုးတိုးလေး ရေရွတ်လိုက်တယ်။


နောက်ဆက်တွဲစကား ကျွန်တော် တစ်ကယ်ကို မအားတဲ့ ကြားထဲက အလုအယက်အချိန်ယူပြီး ရေးလိုက်တဲ့ ပိုစ့်ပါ။ အင်တာနက် ပုံမှန်သုံးရဖို့ အခြေအနေတွေ ကလည်း ပေးမလာတော့ဘူး။ ဒီကြားထဲကမှ အိပ်ရေးပျက် ခံပြီး တင်လိုက်တဲ့ ပိုစ့်လေးပါ။ စီဘောက်မှာ လာနှုတ်ဆက်ကြတဲ့သူတွေကို တက်လူငယ် ပြန်လာပြီးတော့ မနှုတ်ဆက်နိုင်ခဲ့ရင်လည်း ခွှင့်လွှတ်ပေးကြပါ။

ဆက်ဖတ်ကြည့်မယ်......

ဘဝထဲကသင်ခန်းစာ ကျွန်တော်ရေးတဲ့ Blogger

ယနေ့ Blogger ရပ်ဝန်းမှာ လူတစ်ယောက်နဲ့တစ်ယောက်မတူကွဲပြားတဲ့ အတွေးအမြင်ကလေးတွေနဲ့ ကိုယ်ပိုင်Blog လေးတွေတည်ဆောက်ထားကြပါတယ်...။ အမြင်မတူသော်လည်း အသွင်တူတဲ့ ရပ်ဝန်းလေးတစ်ခုပါ။ ဒီရပ်ဝန်းလေးထဲမှာ ကျွန်တော်လည်းပါဝင်လာခဲ့ပြီပဲ...။ ကျွန်တော်ကရော ဘယ်လိုအတွေးအမြင်တွေနဲ့ Blog ရေးမှာလဲ...? ကျွန်တော်ရေးတဲ့စာတွေကရော လာဖတ်တဲ့သူတွေအတွက် တစ်ခုခု ပေးစွမ်းနိုင်မှာလား...? အချစ်အကြောင်းတွေချည့် အက်ကြောင်းထပ်အောင် ရေးချလိုက်မှာလား...? စတဲ့ကိုယ့်ကိုယ်ကို မေးခွန်း ပေါင်း များစွာ ထုတ်မေးဖြစ်ပါတယ်..။ အမှန်အတိုင်းပြောရရင် Blogger အသစ်တစ်ခုဖန်တီးပြီးတဲ့အချိန်ထိ ဒီလိုဒွိဟ စိတ်တွေနဲ့ ချာချာလည်နေခဲ့တုန်းပါ။ Blog ပေါက်စလေးဆိုပေမယ့် လုပ်ချင်တာ တွေက သိပ်များသလို မလုပ်တတ်တာ တွေလည်းရှိနေတုန်းပဲ။ ဒါပေမယ့် ရင်ထဲက ရေးဖွဲ့ချင်နေတဲ့စာသားတွေက ပြည့်ထွက်လု ကျမတတ်ကိုဖြစ်နေခဲ့ပါပြီ။ အချိန်ကြာကြာအောင်းပြီး မထားနိုင်တော့ဘူး ။ ဒါကြောင့် ကျွန်တော်တင်တဲ့ ပို့စ်တွေမှာ အရင်ဆုံးကျွန်တော့်ရင်ဘတ်ထဲကခံစားချက်တွေ လျော့ကျသွားအောင်လုပ်ရပါလိမ့်မယ်။ ဒီလိုမှမလုပ်ခဲ့ရင် နှလုံးအထူးကု ဆရာဝန်မလေးက ဆေးလာကုပေးရင်တောင်မှ ဒီရောဂါမသက်သာ မပျောက်ကင်း နိုင်လောက်တော့ဘူးလို့ထင်ပါတယ်။ ရင်ဘတ်ထဲကခံစားချက်တွေဟာ ကျွန်တော့်ဘဝထဲက သင်ခန်းစာတွေမို့ ကျွန်တော်ရေးတဲ့ blogger မှာထည့်သွင်းဖေါ်ပြပါရစေခင်ဗျာ...။

စာရေးသူ - တက်လူငယ်

ဆက်ဖတ်ကြည့်မယ်......

အိမ်မက်ထဲက ဘလော့ဂ်

ကျွန်တော့်ရဲ့ ဘလော့ဂ်ဟာသာမာန်ရိုးရိုးရှင်းရှင်းဒီဇိုင်းနှင့် ဘလော့ဂ်တစ်ခုမျှသာလျှင်ဖြစ်ပါသည်...။ သို့သော် ကျွန်တော်ဒီ့ထက်ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးစားပြီး အတတ်နိုင်ဆုံး ပြင်ဆင်ရေးသားသွားပါမည်...။ ကျွန်တော်၏ အိမ်မက်ထဲမှ ဘလော့ဂ်လေးတစ်ခု အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါပြီ...။ ဟိုတုန်းကဆို ရင်ထဲမှာ တင်းကြပ်နေတာတွေရှိရင် ကိုယ့်ဒိုင်ယာရီလေးမှာပဲ အမြဲတမ်း ရေးမှတ်ထားခဲ့ရသည်...။ ဘယ်သူမှမသိ...။ လာမဖတ်...။ (ကျွန်တော့်ရင်ထဲက ခံစားချက်တွေကို)။ ယခုတော့ ရင်ထဲက ဖိစီးမှုတွေကို ဖော်ထုတ်ရေးရင်း သူများတွေကို ခံစားချက်တွေ ဝေငှနိုင်ပြီမို့ တွေးရင်းအတိုင်းမသိ ကြည်နူးပျော်ရွှင်နေမိပါတော့သည်...။

စာရေးသူ - တက်လူငယ်

ဆက်ဖတ်ကြည့်မယ်......