တိုင်းတပါးက အဖြစ်အပျက်မှန်တွေ အမြန်ဆုံးသိနိုင်ကြပါစေ...


သူငယ်ချင်းများသို့ ...

သူငယ်ချင်းရေ...
မင်းကြီးပြင်းလာတဲ့ မွေးရပ်ဌာနေ
မြန်မာပြည်မှာ ငါလည်းမင်းလို
ဖြတ်သန်းရင်း ကြီးပြင်းခဲ့ရဖူးပါတယ်...။

ဒါပေမယ့်... ဘ၀ဆိုတာ
တစ်နေရာတည်းမှာ တစ်သတ်မတ်တည်း
ပုံသေကားချပ် ဆက်တည်မြဲချင်မှ မြဲတာလေ...

တိုးတက်မှုဆိုတာ နေရာတကာမှာ
ခေတ်နောက်ကျနေတဲ့ မြန်မာပြည်ရဲ့
အခြေအနေ ဖြစ်ရပ်မှန်တွေကို
ငါသိခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့
မြန်မာပြည်ရဲ့ အလုပ်တွေကရှားပါး
မိသားစုစားဝတ်နေရေး အခြေအနေတွေက
တစ်နေ့ထက်တစ်နေ့ ပိုလို့ဆိုးရွားလာရင်း

ကြီးပွားရေးလမ်းစ အစရှာမရတဲ့
ကိုယ့်တိုင်းပြည်မှာ အနေကြာလာချိန်
ရင်ဆိုင်နေရတဲ့ ဘ၀နေ့ရက်တွေကို
ငါပိုပိုပြီး ခါးသီးလာမိတယ်...။

အဲဒီ့နောက် ...
ဘ၀ကိုလည်းနာကျည်း ငါ့တိုင်းပြည်ကြီးကိုလည်း

ခေတ္တနှုတ်ဆက်ပြီး တိုင်းတပါးမှာ
ဘ၀တိုးတက်ရာ လမ်းအစ ဖွေရှာခဲ့တယ် ...။

သူငယ်ချင်းရေ ...
တိုင်းတပါးက ကြုံဆုံရတာတွေ
ငါသိခဲ့ရတဲ့ ဘ၀အသိတရားတွေ
လောကသစ္စာတရားတွေ မင်းသိစေချင်လို့
မင်းကိုလေ..ဖောက်သည်ချ ပြန်ပြောပြရဦးမယ် ...။

သူငယ်ချင်းရေ ...
တိုင်းတပါးဆိုတာ ရေလည်းခြားသလို
မြေလည်းခြားတယ် လူမျိုးခြားတယ်
ဘာသာတရား ယဉ်ကျေးမှုများဆိုရင်
ပိုလို့ပင် ကွာခြားသေးတယ် ...။

ဘာသာစုံ ဓလေ့စုံ ယဉ်ကျေးမှုတွေစုံ
လူမျိုးတွေကလည်းစုံလို့ အကုန်စုံစီနဖာဖြစ်နေတာ
တိုးတက်တဲ့ ဒီမိုကရေစီ တိုင်းပြည်ကပါ ...။

ဒါပေမယ့် ..သူငယ်ချင်းရယ်...
အဲဒီ့ စုံစီနဖာ တိုင်းပြည်ကြီးမှာ
ကြာရှည်အောင် ငါမပျော်နိုင်ပါဘူး ...။

ဘ၀ဆိုတာ ...
တစ်ခုခုကိုပေးဆပ် စွန့်စားပြီးမှ
လိုချင်တာကို ရယူပိုင်ဆိုင်ရတာမျိုး
ဘ၀ဆိုတာ...
ထိုက်ထိုက်တန်တန် ကိုယ့်ဘက်က
တန်ပြန်မပေးဆပ်ဘဲ အချောင်ရလိုက်တာတွေ
မရှိသလောက် နဲပါးပါတယ်...။

ဘ၀အတွက် ပေးဆပ်မှုတွေ
နစ်နာဆုံးရှုံးလိုက်ရတဲ့ အဖြေစ်တွေဟာ
သူတပါးတိုင်းပြည်မှာ ပိုဆိုးပါတယ် သူငယ်ချင်းရာ...။
ကိုယ့်အသက်ကိုယ် ဖက်နဲ့ထုပ်လို့
သေခြင်းတရားကို ထွေခင်းကစားရင်း
တိုင်းတပါးမှာ ဘ၀ရှင်သန်နေရတာဟာ
ကိုယ့်အတွက်တော့ ကျီးလန့်စာစားဘဝ
မ၀တ၀လေကို ရှုရှိုက်နေရသလိုမျိုး
ရေရေရာရာ ခိုင်ခိုင်မာမာ
ကိုယ့်အတွက်ဆိုတာ ဘာမှအသေအချာ
မရှိသလောက်ပါပဲ သူငယ်ချင်းရယ် ...။

ထပ်ပြောရဦးမယ် သူငယ်ချင်းရေ ...
ငါအထင်ကြီးထားတဲ့ နိုင်ငံခြားမှာလေ
ထင်ထားတာနဲ့ တယ်ခြားနားပါတယ်
နိုင်ငံခြားရောက်မှ ငါ့စိတ်ဓါတ်တွေ
အကြိမ်ကြိမ် ပျောက်ကျခဲ့ရဖူးတဲ့
ငါ့နေ့ရက်တွေကို ပြန်မရေတွက်နိုင်အောင်ပါပဲ ...။

ပထမအစမှာ ငါယိုင်လဲလာတယ်
တဖြည်းဖြည်းနဲ့ ငါယိုင်လဲနေတဲ့ ခြေထောက်ကို
အားတင်းကြိုးစားရင်း ပြန်လည်ခိုင်မြဲအောင်
ပြန်လည်ရပ်တည်ကြိုးစားရတယ် ...။

ငါ့နဘေးနားက လူငယ်တွေတချို့လည်း
ဘ၀တွေ ယိုင်လဲပြိုကျကုန်တယ် ...။
တချို့အားတင်းပြီး မျှော်လင့်ချက်ထား
အနာဂါတ်အတွက်အားတွေနဲ့ ပြန်ထကြတယ် ...။

တချို့အားလျှော့ပြီး မျှော်လင့်ချက်မဲ့
အနာဂါတ်တွေပျောက်လို့ ဘ၀ကိုအရှုံးနဲ့
ရင်ဆိုင်သွားကြတယ် ...။

ငါကတော့ အပြုံးနဲ့ ရင်ဆိုင်လိုက်တယ် ...။

တစ်ကယ်တော့ .. တိုင်းတပါးဆိုတာ
ရေမြေလေထု ကိုယ့်အတွက် ခိုင်မာမှု မရှိဘဲ
ကြာရှည်ဘ၀ ရပ်တည်ကြမယ်ဆိုရင် ...
အဆင်မပြေမှုတွေ များစွာနဲ့ပဲ
ဆက်လက်ကြုံတွေ့နေကြရဦးမှာပဲလေ ...။

ငါ့နဘေးနားက လူတွေ တချို့ ဒုက္ခတွေရောက်နေကြချိန်
ငါကိုယ်တိုင်ကလည်း ဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရချိန်
ငါသူတို့ကို ကယ်တင်ချင်ပေမယ့် ဘာမှမတတ်နိုင်ပါဘူး ...။
ငါတတ်နိုင်တာလေးတော့ ငါလုပ်လိုက်ပါတယ် ....။

အဝေးမြန်မာပြည်က သူငယ်ချင်းများ
တိုင်းတပါးက အခြေအနေမှန်တွေကို
အမြန်ဆုံးသိနိုင်ကြပါစေလို့
ကဗျာမပီ စာမညီတဲ့
ဒီခံစားချက်တွေကို
ပုံဖော်ထုတ်ရင်း ငါအနိုင်နိုင်
ကာရံတွေသီကာ ရေးစပ်လိုက်တယ် ....။

အဝေးက သူငယ်ချင်း
(၆-၁၀-၂၀၀၉)

4 ယောက်ရဲ့ ထင်မြင်ချက်:

Anonymous said...

အလွန်တရာမှ ကောင်းမွန်တဲ့ ကဗျာလေးပါပဲဗျာ။ ကျနော်တို့လို တိုင်းတပါးမျာ အလုပ်လုပ်နေသူတွေရဲ့ ဘဝသရုပ်မှန် ကိုဖော်ကျူးထားတာလေး ပါပဲဗျာ..။ ဒါကိုတချို့က နားမလည်ပဲ နိုင်ငံခြားရောက်တာနဲ့တင် ကြီးပွားနေတယ်လို့ အထင်ရှိတဲ့ သူများ ဖတ်ရူသင့်ပါပေတယ်ဗျာ။ ရင်နဲ့ခံစားဖတ်ရူသွားပါတယ်ဗျာ...။

ဖြိုးငယ် said...

ကဗျာလေးက အရမ်းကောင်းတော့ ကွန်မန့်မရေးပဲ မနေနိုင်အောင် ဖြစ်မိတယ် ... ဒါတွေကို လူတော်တော်များများသိသင့်တယ် .. ခံစားချက်အပြည့်နဲ့
ရေးထားတာမို့ ဖတ်လို့တော်တော်ကောင်းပြီး ဘ၀တူတွေမို့ ကိုယ်ချင်းစာမိပါတယ် ...
တစ်ခုတော့ ပြောပါရစေ ..
မြန်မာပြေ .. ဆိုတဲ့ နေရာလေးမှာ မြန်မာပြည် ဆိုရင် ပိုမှန်မယ် ထင်ပါတယ် .. ဆရာလုပ်တယ်လို့တော့ မထင်စေချင်ပါဘူးခင်ဗျာ

အဖြူရောင်နတ်သမီး said...

“ဘ၀ဆိုတာ ...
တစ်ခုခုကိုပေးဆပ် စွန့်စားပြီးမှ
လိုချင်တာကို ရယူပိုင်ဆိုင်ရတာမျိုး
ဘ၀ဆိုတာ...
ထိုက်ထိုက်တန်တန် ကိုယ့်ဘက်က
တန်ပြန်မပေးဆပ်ဘဲ အချောင်ရလိုက်တာတွေ
မရှိသလောက် နဲပါးပါတယ်...။..”.............တယ်တဲ့...
သိပ်မှန်ပါတယ်....
လေးစားပါတယ်..Brother

တက်လူငယ် said...

ဟုတ်ကဲ့ ကိုဖြိုးငယ်။

ပြန်ပြင်လိုက်ပါပြီ...

အမှားကို ဝေဖန်ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ခင်မင်မှုဖြင့်
တက်လူ