Thursday, November 27, 2008

အဝေးရောက် ကိုရွှေမြန်မာများအတွက် ကဗျာလက်ဆောင်


ပြန်ချင်နေပြီ မြန်မာပြည်ဆီ

ချစ်သူ့မျက်နှာ
လပြည့်ဝင်းသာ
ပမာပုံဆောင်
ရှုချင့်ယောင်ဖွယ်
စွဲစွဲလန်းလန်း
အသဲပန်းလောက်
မြတ်နိုးခဲ့သည်
ချစ်မဒီရေ...

တစစဖြင့်
ချစ်သူနှင့်ကိုယ်
ကံရယ်အကြောင်း
မဆုံပေါင်းဖို့
သူဖန်တီးထား
ကြမ္မာများလား
တစ်ခဏတာ
တစ်ဘဝစာလား
အတိအကျ
သိမရတဲ့
ဒီဘဝမှာ
တို့ခွဲခွာကာ
ဝေးခဲ့ရပြီ
ချစ်မဒီရေ...

ရေမြေတွေခြား
တိုင်းတပါးသို့
ရောက်ခဲ့ချိန်တိုင်
မမေ့နိုင်တဲ့
ဟိုရင်အတိတ်
အချစ်စိတ်က
တစိမ့်စိမ့်ပင်
တိုးကာဝင်လာ
နှလုံးသားမှာ
တွယ်တွယ်တာတာ
ချိန်ခါမလပ်
တလှပ်လှပ်ဖြင့်
တုန်ရီနေသည်
အသဲအိမ်ဆီ...

ရှေ့ရေးတွေးခေါ်
ကြိုတင်မျှော်ကာ
သာယာပျော်ရေး
ဘဝရေးတွက်
အလုပ်တွေကို
အချိန်ပိုဖြင့်
ကြိုးကြိုးစားစား
မနေနားဘဲ
ဆောင်ရွက်ခဲ့သည်
ချစ်မဒီရေ..

တမိုးကုန်ပြီ
တဆောင်းဆီရောက်
တနွေပေါက်ကာ
တမိုးလာပြန်
ဒီမိုးလည်းကုန်
နောင်ကဆုန်သို့
တစ်နှစ်ကူးပြောင်း
တန်ခူးနှောင်းမှ
ရက်တွေလည်းဟောင်း
ရာသီပြောင်းလဲ
တဖျတ်ဖျတ်လူး
ရော်ရွက်နူးတွေ
မြေမှာဝဲခ
ပျံဝဲကျချိန်
ပြန်ချင်နေပြီ
မြန်မာပြည်ဆီ။


(မှတ်ချက်။ မိမိဘဝခံစားချက်များမဟုတ်ဘဲ အဝေးရောက် ကိုရွှေမြန်မာများအတွက် ရည်ရွယ်ပြီး ခံစား သရုပ်ဖော် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။)

10 comments:

  1. ကဗျာဖတ်ပြီးတော့..
    အိမ်ပြန်ချင်စိတ်..တိတ်တဆိတ်ရောက်လာတယ်ဗျာ...

    ခင်မင်လျက်
    နွေသူရ

    ReplyDelete
  2. ကဗျာလေးဖတ်ပြီး မြန်မာပြည်တောင်ပြန်ချင်လာပြီဗျာ။
    လွမ်းစရာလူမရှိပေမဲ့ အမိမြေတော့လွမ်းတယ်ဗျ

    ReplyDelete
  3. တစ်နေ့နေ့တော့အတူတူပြန်ကြရအောင်.....

    ReplyDelete
  4. ရက်တွေလည်းဟောင်း
    ရာသီပြောင်းလဲ
    တဖျတ်ဖျတ်လူး
    ရော်ရွက်နူးတွေ
    မြေမှာဝဲခ
    ပျံဝဲကျချိန်
    ပြန်ချင်နေပြီ
    မြန်မာပြည်ဆီ

    ငိုချင်သူကိုလက်တို့နေသလိုပါပဲ--
    ကဗျာလေးဖတ်ပြီး ပြန်ချင်ပြီ--

    ReplyDelete
  5. တော်တော်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပဲ
    အားပေးလျက်ပါ

    ReplyDelete
  6. အောက်ဆုံးအပိုဒ်လေးက ကာရံလှတယ်
    တစ်ပုဒ်လုံးကောင်းတယ် ကိုတက်လူငယ်
    ခံစားသရုပ်ဖော်ပုံလေး ကောင်းတယ်
    ကျေးဇူးလည်းတင်ပါတယ်နော်
    ကိုတက်လူငယ်ကိုတိုင်လည်း အဆင်ပြေပါစေ :D

    ReplyDelete
  7. ပြန်ချင်နေတဲ့ စိတ်တွေက ကဗျာကိုဖတ်ပြီးတာနဲ့ ပိုလို့ဆိုးသွားတယ်။ ပြန်ချင်တယ်။

    ReplyDelete
  8. ပြန်သာပြန်သာ တက်လူငယ်..ပြန်သာပြန်သာ တက်လူငယ်...ပြန်ပါ..ပြန်ပါတော့..။
    တက်လူငယ် ပြန်သွားရင်..ဆင်းလူငယ်လာမှာလားဟင်.။

    ReplyDelete
  9. ပျံသာ ပျံသာ
    ကိုတက်တူရာ...
    :P

    ReplyDelete
  10. ဤသို့ကဗျာ
    လက်ဆောင်သာကို
    ဖတ်ရာမှတ်ကြောင်း
    ခံစားပေါင်းမှ
    အမိမြန်ပြည်
    လွမ်းပြန်ဘိပြီတည့် ...
    အရင်လည်းလွမ်း
    အခုလက်ရှိ
    ခုထက်ထိလည်း
    အလွမ်းတိတိ
    လွမ်းမိုးမိမို့
    နောင်ရက်ကြာရှည်
    လွမ်းနေနေနှင့်
    လွမ်း၏ လွမ်းဆောင်
    ချစ်သူမောင်ကို
    ရေးရေးမြင်ယောင်
    ကညာသက်ထား
    ကေသီများတို့
    မျှော်ကာတမ်းငေး
    တွေးဆွေးဝေးရာ
    ကာလချိန်ခြား
    ချုံ့ပစ်ငြားမည်
    လွမ်းဟန်သီလို့
    ကြွေပေလော့ ...
    လွမ်းဝေသီလို့
    မျှော်နေတော့ .... ။ ။

    ကဗျာလေးဖတ်မိပြီး အမိမြန်ပြည်ကို လွမ်းသွားလို့ ကဗျာလေးနဲ့ လွမ်းလိုက်မိတယ် တက်လူငယ်ရေ ...

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete